ရန်ကုန်တိုင်းအဝင် X-ray စစ်ဆေးရေးဂိတ်မှာ နေပြည်တော်က ပေးတဲ့တာဝန်ဟုဆိုကာ စစ်တပ်နဲ့ရဲက ငွေတောင်းနေ

Author CJ Platform
Categories
Published on May 14, 2026

နည်းမျိုးစုံနဲ့ ငွေညှစ်တဲ့ ရန်ကုန်တိုင်းအဝင် X-ray စစ်ဆေးရေးဂိတ်သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် တာဝန်ကျရဲတွေကို အချိန်အပြောင်းအလဲ လုပ်ခဲ့ပေမယ့် နေပြည်တော်က တာဝန်ပေးထားတဲ့ စစ်တပ်နဲ့ရဲတွေက ငွေတောင်းကြမ်းနေလို့ ခရီးသွားပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

လူမှုကွန်ရက်မှာ သတင်းပျံ့နှံ့ပြီးနောက် ယာဉ်မောင်းနဲ့ ခရီးသွားပြည်သူတွေဆီက ၂ ရက်လောက်သာ ပိုက်ဆံမတောင်းဘဲနေပြီး နောက်ပိုင်း ပိုက်ဆံပိုတောင်းလာတယ်လို့ ခရီးသွားပြည်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရန်ကုန်တိုင်းအဝင် X-ray စစ်ဆေးရေးဂိတ်က ပိုက်ဆံတောင်းတဲ့သတင်း လိုင်းပေါ်မှာ ပြန့်သွားတော့ ရဲတွေအကုန်လုံး ချိန်းလိုက်တယ်။ ၂ ရက်လောက် ပိုက်ဆံမတောင်းဘူး၊ နောက်ပိုင်း ပြန်တောင်းတာပဲ။ အဲဒီအထဲမှာ အဆိုးဆုံးက နေပြည်တော်က တိုက်ရိုက်ချထားတဲ့အဖွဲ့တွေ သူတို့ကို မချိန်းဘူး။ သူတို့ကို မချိန်းတော့ အရင်ကထက် ၂ ဆ ပိုတောင်းတယ်” လို့ ပြောပါတယ်။

 

နေပြည်တော်က ပုံသေချထားတဲ့ စစ်တပ်နဲ့ရဲအဖွဲ့ကို ယာဉ်မောင်းများအနေနဲ့ တပ် ၃,၀၀၀ ကျပ်၊ ရဲဂိတ် ၂,၀၀၀ ကျပ်နဲ့ SB ဂိတ် ၃,၀၀၀ ကျပ် ပေးရပြီး စကားအပြောအဆိုမှားပါက လူမြင်ကွင်းမှာ ရိုက်နှက်တယ်လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စိန်နိုင်ကျော် ခရီးသည်တင်ယာဉ်က အရပ်သားကို ၅,၀၀၀ တောင်းတယ်။ မပေးတော့ ပြဿနာတက်မှာစိုးလို့ စပယ်ယာက ဆရာတို့ခေတ်ပဲ ပေးရမှာပေါ့လို့ စသလိုနောက်သလိုနဲ့ ပြောလိုက်တာ၊ ကားပေါ်ကဆင်းခိုင်းပြီး စစ်သားတွေ၊ ရဲတွေက ဝိုင်းထိုးတယ်။ ထိုးရုံတင်မဟုတ်ဘူး၊ ဂိတ်အထိသွားပြီး အလုပ်ပါဖြုတ်ခိုင်းတာ စစ်သားတွေ၊ ရဲတွေက” လို့ ပြောပါတယ်။

 

ရန်ကုန်တိုင်းအဝင် X-ray စစ်ဆေးရေးဂိတ်က ဘုရားဖူးကားတွေကို အကုန်စစ်ဆေးပြီး ရခိုင်လူမျိုး ၁၁/မှတ်ပုံတင် ကိုင်ထားပါက တစ်ယောက်ကို တစ်သောင်းပေးရပြီး ကားပေါ်ပါလာသည့် ပစ္စည်းများ ယူဆောင်တယ်လို့ ဧရာဝတီတိုင်းကို ခရီးသွားခဲ့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“၁၂ ရက်က မော်တင်စွန်းနဲ့ ငွေဆောင်ကို ခရီးသွားတယ်။ ကားပေါ်မှာ ရခိုင်ကောင်မလေး ၄ ယောက် ပါလာတာ စစ်တပ်ရော ရဲရော အတော်ရစ်ပြီး တစ်ယောက်တစ်သောင်း တောင်းတယ်။ ငွေဆောင်က အမျိုးတွေပေးဖို့ ယူသွားတဲ့ ရခိုင်ဒေသထွက်ကုန်တွေကို စစ်သားတွေက စားဖို့တောင်းလို့ ပေးခဲ့ရတယ်။ မပေးရင် ပြဿနာရှာမှာစိုးလို့” လို့ ရှင်းပြပါတယ်။

 

နေပြည်တော်က ချပေးထားတဲ့ ရဲဝန်ထမ်းတွေက တောင်းလို့ရသမျှ ငွေကြေးတွေကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်အပါအဝင် ခရိုင်နဲ့ မြို့နယ်များကို ခွဲဝေပေးနေတာကြောင့် အရေးမယူတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စစ်ဆေးရေးဂိတ်မှာ နေချင်တိုင်းနေလို့ မြို့နယ်စခန်းကဆို မြို့နယ်မှူးကို ၁၀ သိန်း ကန်တော့ရတယ်၊ ရဲတပ်ရင်းကဆို ၁၅ သိန်း။ အမြဲတမ်းနေရတဲ့သူတွေက နေပြည်တော်ကချထားတာ မဟုတ်ဘူး၊ တိုင်းနဲ့ခရိုင်ကို ကောက်လို့ရတဲ့ငွေ ၃၀ ရာခိုင်နှုန်း ပေးထားလို့ တိုင်လည်း မပြောင်းရတာ” လို့ ရှင်းပြပါတယ်။

 

ဧရာဝတီတိုင်းအထွက် စစ်ဆေးရေးဂိတ်နဲ့ ရန်ကုန်တိုင်းအဝင်ဂိတ်မှာ တစ်ခါတစ်ရံ ရခိုင်ပြည်၊ စစ်ကိုင်းနဲ့ မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ဖမ်းဆီးရာတွင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိတ်တွေလည်း ဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ နှစ်ကုန်ပိုင်းအတွင်း ဧရာဝတီတိုင်းအထွက် စစ်ဆေးရေးဂိတ်နဲ့ ရန်ကုန်တိုင်းအဝင်ဂိတ်မှာ စစ်အုပ်စုတပ်နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁၃ ဦး ရှိပါတယ်။

 

ဓာတ်ပုံ – Pro-SAC