စစ်အုပ်စုက ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်နိုင်ဖို့ ယောဒေသကို စိုးမိုးနိုင်ရန် အင်အား ၁,၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာ

Author CJ Platform
Categories
Published on May 14, 2026

စစ်အုပ်စုက ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၁,၀၀၀ ဝန်းကျင်နဲ့ ကျောက်ထု၊ ဆော (ယောဒေသ) ကို စစ်ကြောင်းထိုးကာ ယောဒေသမှာ ခြေကုပ်ယူဖို့ ကြိုးစားနေပါတယ်။

 

ပေါက် ကပစ ၂၄ က ထွက်ခွာလာတဲ့ အင်အား ၅၀၀ ဝန်းကျင် စစ်ကြောင်းတစ်ကြောင်းဟာ မေလ ၁၂ ရက်မှာ ပုံတောင်ခြေရင်းရှိ ကျောက်တံခါးကျေးရွာမှာ အခြေချထားပြီး ဒရုန်းတွေအသုံးပြုကာ တိုက်ခိုက်ခဲ့ပေမယ့် ပုံတောင်ကို မကျော်နိုင်ဘဲ တပ်ဆုတ်ခဲ့ရပြီး ဒီကနေ့ မနက် ၇ နာရီမှာ အင်အား ၄၀၀ ခန့်နဲ့ ဒရုန်းတွေအသုံးပြုကာ ထပ်မံထိုးစစ်ဆင်လာပါတယ်။

 

ဒါ့အပြင် ဆောမြို့ကို ဦးတည်ပြီး လောင်းရှည် ကပစ ၂၅ မှ ထွက်လာတဲ့ စစ်ယာဉ်တန်း ၁၇ စီးနဲ့ စစ်အုပ်စုအင်အား ၅၀၀ ဝန်းကျင်ဟာ မေလ ၁၂ ရက် ညနေ ၃ နာရီမှာ လောင်းရှည်မြို့ထဲ ဝင်ရောက်ခဲ့ပြီး မေလ ၁၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ ဆောမြို့နဲ့ ၄ မိုင်အကွာ သီးကုန်းရွာကို ရောက်ရှိကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါစစ်ကြောင်းဟာ ဒီကနေ့ မေလ ၁၄ ရက် မနက် ၁၁ နာရီမှာ ဆောမြို့ကို စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။

 

အဆိုပါ စစ်ကြောင်း ၂ ကြောင်းဟာ ယောဒေသကို ခြေကုပ်ယူပြီး ချင်းပြည်တောင်ပိုင်းကို ဆက်လက်စစ်ကြောင်းထိုးနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းနေကြပါတယ်။

 

အဆိုပါစစ်ကြောင်းတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိပေမယ့် အထိအခိုက်သတင်းတွေကိုတော့ ထုတ်ပြန်လာတာ မရှိသေးပါဘူး

 

“လက်နက်သံတွေ ကြားရတယ်၊ လေကြောင်းနဲ့လည်း လာကြဲတယ်၊ ဒရုန်းတွေလည်း သုံးတယ်၊ အထိအခိုက်တွေ ရှိမရှိတော့ မသိရပါဘူး” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

 

စစ်အုပ်စုဟာ ရခိုင်-ချင်း ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကံကြီးကျေးရွာမှာ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် အထိုင်ချတပ်စွဲနေပြီး ကျောက်ထု အမတ ၃၆၈ မှ အနီးအနားက ကျေးရွာတွေနဲ့ တောထဲတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေတာကြောင့် အနီးအနားက ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုဟာ မေလ ၁၃ ရက် မနက် ၈ နာရီ ၁၆ မိနစ်မှ ၈ နာရီ ၄၁ မိနစ်အထိ ကျောက်ထုနယ်တောင်ပိုင်းကို Y-12 ဖြင့် ဗုံးသီးအလုံးရေ ၂၀ ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

 

စစ်အုပ်စုဟာ ချင်းပြည်၊ မင်းတပ်မြို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေပြီး မေလ ၁၁ ရက်နဲ့ မေလ ၁၂ ရက်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်းအပါအဝင် ၄ ဦး သေဆုံးခဲ့ကာ အရပ်သားနေအိမ် ၁၅ လုံး ပျက်စီးပြီး အစိုးရရုံးဌာနအဆောက်အအုံ ၁၀ ခု၊ မော်တော်ယာဉ် ၄ စီး ပျက်စီးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်မှ ထုတ်ပြန်ထားပါတယ်။

 

“မင်းတပ်ကိုက လေကြောင်း နေ့တိုင်းသွားကြဲနေတာ။ တစ်ခါကြဲရင် ဖိုက်တာက ၂ စီး ၃ စီးနဲ့ လာကြဲတာ” လို့ လေကြောင်းလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

 

စစ်ရေးအခြေအနေတွေကြောင့် ပေါက်-ကျောက်ထု-တပြင်းလမ်းပိုင်း၊ ဆော-လောင်းရှည်လမ်းပိုင်း၊ ဆော-မင်းတပ်လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး လေကြောင်းအန္တရာယ်နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကို သတိထားနေထိုင်ကြဖို့ ဒေသခံတော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

 

ထီးလင်းမြို့နယ်၊ ဆောမြို့နယ် (ယောဒေသ) ကို စစ်အုပ်စုက ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်မှာ စစ်အုပ်ချုပ်ရေး စတင်ကြေညာခဲ့ပြီး အခုလိုမျိုး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာကာ ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်နိုင်ဖို့ ယောဒေသမှာ ခြေကုပ်ရယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်