နိုင်ငံတကာပါလီမန်ညီလာခံတွင် တရားမဝင် “ဝတ်စုံပြောင်း” အုပ်ချုပ်ရေးအဖွဲ့အား အသိအမှတ်မပြုရန် ဝန်ကြီး ဒေါ်ဇင်မာအောင် တိုက်တွန်း

Author CJ Platform
Categories
Published on May 09, 2026

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ကျင်းပခဲ့တဲ့ ၁၅၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်ညီလာခံ (IPU Assembly) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပြီး မြန်မာနိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဒီကနေ့ မေလ ၉ ရက်မှာ Ministry of Foreign Affairs – Myanmar – NUG က ထုတ်ပြန်ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကျင်းပခဲ့တဲ့ အဆိုပါညီလာခံရဲ့ General Debate မှာ ဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ တရားမဝင် “ဝတ်စုံပြောင်း” အုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်မပြုရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ခရီးစဉ်အတွင်းမှာလည်း ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ပိုလန်၊ ဆွီဒင်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ယူကေအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုအတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားပြုအဖြစ် ဆက်လက်အသိအမှတ်ပြုဖို့နဲ့ NUG အပေါ် ထောက်ခံမှုတွေကို ပိုမိုခိုင်မာလာစေဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

မကြာသေးမီက စုဖွဲ့လိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မိတ်ဆက်ရှင်းလင်းခဲ့သလို လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုရရှိရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း စစ်အုပ်စုအပေါ် ဆက်လက်ဖိအားပေးရန် ဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောကြားခဲ့ကြောင်း Ministry of Foreign Affairs – Myanmar – NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – Ministry of Foreign Affairs-Myanmar-NUG