အသက်အကြီးဆုံး ထားဝယ် BIKER “သံပုရာကန် ဦးသီးလှိုင်” ကွယ်လွန်

Author CJ Platform
Categories
Published on May 07, 2026

ထားဝယ်စက်ဘီးအသင်း (Dawei Bike Association) ရဲ့ နာယကဖြစ်သူ၊ မြန်မာပြည်တစ်နံတစ်လျား ခြေလျင်ခရီးနဲ့ စက်ဘီးခရီးစဉ်များစွာနဲ့ နာမည်ကျော်ခဲ့တဲ့ အဘိုးဦးသီးလှိုင်ဟာ ဒီကနေ့ မေ ၇ ရက် နံနက် ၁ နာရီဝန်းကျင်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ အဘိုးဦးသီးလှိုင်ဟာ လူကြီးရောဂါနဲ့ အေးချမ်းစွာ ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

“ထားဝယ်စက်ဘီးနာယကကြီး အဘဦးသီးလှိုင် အသက် ၉၈ နှစ်သည် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါသဖြင့် အသိမိတ်ဆွေအပေါင်း သိရှိနိုင်ရန် အကြောင်းကြားအပ်ပါသည်” လို့ နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ဝမ်းနည်းစွာ ရေးသားဖော်ပြထားပါတယ်။

 

အဘိုးဦးသီးလှိုင်ဟာ အသက် ၆၈ နှစ်အရွယ် (၁၉၉၉ ခုနှစ်) မှာ မြန်မာပြည်တောင်ပိုင်း မြိတ်မြို့မှ မြောက်ပိုင်း ပူတာအို (နောင်မွန်) အထိ မိုင်ပေါင်း ၁,၆၀၀ ကျော်ကို ခြေလျင်လျှောက်ခဲ့သူ ဖြစ်ပါတယ်။ ထို့ပြင် ၂၀၀၀ ပြည့်နှစ်မှာ တာချီလိတ်မှ ရခိုင်ပြည်အထိ လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှာ ထားဝယ်မှ မြိတ်အထိ လည်းကောင်း ခြေလျင်ခရီးစဉ်များ ဆက်တိုက် ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

 

စက်ဘီးအားကစားတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အသက် ၈၀ အရွယ်မှာ မြန်မာပြည်အနှံ့ တိုင်းနဲ့ ပြည် ၁၄ ခုကို ဒေသခံစက်ဘီးဝါသနာရှင်နှစ်ဦးနဲ့အတူ မောင်းတိန်းစက်ဘီးနဲ့ လှည့်လည်ခဲ့သူလည်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ မြဝတီ-မဲဆောက် နိုင်ငံတကာချစ်ကြည်ရေး စက်ဘီးစီးပွဲတွင်လည်း အသက် ၈၇ နှစ်အရွယ်ဖြင့် ပါဝင်စီးနင်းခဲ့ကာ အသက်အကြီးဆုံး Biker အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

အဘိုးဦးသီးလှိုင်ဟာ အသက် ၉၀ ဝန်းကျင်အထိ တစ်ပတ်လျှင် တစ်ကြိမ် မိုင် ၅၀ မှ ၁၀၀ အကြား စက်ဘီးစီးနင်းခဲ့သူလည်း ဖြစ်ပါတယ်။

 

သူဟာ သစ်တောဦးစီးဌာနမှာ စက်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပင်စင်စားဝန်ထမ်းတစ်ဦးဖြစ်ပြီး ပင်စင်ယူပြီးနောက် သံပုရာခြံနဲ့ ရေကူးကန်လုပ်ငန်းများကို လုပ်ကိုင်ခဲ့သူ ဖြစ်တာကြောင့် ထားဝယ်ဒေသမှာ “သံပုရာကန် ဦးသီးလှိုင်” လို့ လူသိများပြီး ကျန်းမာရေးလိုက်စားသူတစ်ဦးအဖြစ် စံနမူနာပြသူတစ်ဦးလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်