ကရင်ပြည်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ်

Author CJ Platform
Categories
Published on May 07, 2026

အကျဉ်းထောင်အတွင်း ကျန်းမာရေးချို့ယွင်းခဲ့ရတဲ့ ကရင်ပြည် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဘားအံမြို့ရှိ တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့  စစ်အုပ်စုနဲ့ နီးစပ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

 

စစ်အုပ်စုနဲ့ နီးစပ်တဲ့ Telegram ချန်နယ်တွေရဲ့ ဖော်ပြချက်အရ “ယခင် NLD လက်ထက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အချုပ်ခန်းထဲမှတစ်ဆင့် ရောဂါကုသရင်း ဘားအံ တပ်မတော်ဆေးရုံကြီးတွင် (RIP) သွားကြောင်း သတင်းရရှိသည်” လို့ ရေးသားမျှဝေထားပါတယ်။

 

ဒီသတင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ စစ်အုပ်စုဘက်က တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသလို ကွယ်လွန်သတင်းနဲ့ပတ်သက်ပြီး CJ Platform အ​နေနဲ့ အတည်ပြုချက်ရယူဖို့ ကြိုးစား​နေဆဲ ဖြစ်ပါတယ်။

 

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ အာရုံကြောရောဂါ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် ဧပြီလကုန်ပိုင်းက ဘားအံဆေးရုံကြီးမှာ ၅ ရက်ခန့် တက်ရောက်ကုသခဲ့ရပြီးနောက် အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး ထောင်အတွင်းမှာ ဆရာဝန်တွေရဲ့ အနီးကပ်ကုသမှုကို ဆက်လက်ခံယူနေရသူ ဖြစ်ပါတယ်။

 

ဒေါ်နန်းခင်ထွေးမြင့်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး အမှုပေါင်း ၇ မှုအတွက် ထောင်ဒဏ် နှစ် ၈၀ ချမှတ်ခံခဲ့ရသူဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ်ထက်ဝက် လျှော့ပေါ့ပေးခဲ့တာကြောင့် လက်ရှိမှာ ထောင်ဒဏ် နှစ် ၄၀ ကို ဘားအံအကျဉ်းထောင်မှာ ကျခံခဲ့ရသူ ဖြစ်ပါတယ်။

 

သူဟာ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သလို ၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ၃ ကြိမ်စလုံးမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက် 

 

 

 

Related News

Depend on news