စစ်ရဟတ်ယာဥ်ဖြင့် ကလေးများကို ပစ်ခတ်သည့် စစ်ကောင်စီက ကလေးသူငယ်များကို ကာကွယ်ရေး သင်တန်းပေး

Author မောင်ဒဂုံ
Categories
Published on Nov 04, 2022

လက်ယက်ကုန်းကျေးရွာ၌ စာသင်နေသည့် ကလေးငယ်များကို စစ်ရဟတ်ယာဥ်ဖြင့် အကြမ်းဖက် ပစ်ခတ် သတ်ခဲ့သည့် စစ်ကောင်စီသည် ၄င်းတို့ဘာသာ ဖွဲ့ထားသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီအား ရုံးအဖွဲ့ စွမ်းဆောင်ရည်မြှင့် သင်တန်းပေးခဲ့ကြောင်း The Daily Eleven သတင်းစာက ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ချင်းပြည်နယ်၊ ထန်တလန်မြို့ မြို့လုံးကျွတ်နီးပါး မီးလောင်သည့် ဖြစ်စဥ်ကို ရက်အတန်ကြာသည်ထိ သတင်းဖော်ပြရန် ပျက်ကွက်ခဲ့သည့် The Daily Eleven သတင်းစာက ၄င်းတို့၏ ယနေ့ထုတ် သတင်းစာ၌ အထက်ပါ သတင်းကို ဖော်ပြထားခဲ့ခြင်း ဖြစ်သည်။

ယင်းသတင်းအား ပြည်တွင်း၌ လက်ရှိအချိန်ထိ ထုတ်ဝေစဲ ပုဂ္ဂလိက သတင်းစာနှစ်စောင်ဖြစ်သည့် စံတော်ချိန်သတင်းစာနှင့် The Daily Eleven သတင်းစာ နှစ်စောင်အနက် The Daily Eleven တွင်သာ ဖော်ပြထားပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် သတင်းစာများဖြစ်သည့် ယနေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင်ပါ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီ ပေးခဲ့သည့် အဆိုပါ သင်တန်းကို နိုဝင်ဘာ ၃ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ ဖွဲ့ထားသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီဝင် စစ်ကောင်စီ ဒုဝန်ကြီးများ၊ ညွှန်မှူးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ယင်း သင်တန်းဖွင့်ပွဲတွင် စစ်ကောင်စီ လဝက ဒုဝန်ကြီး ဦးအောင်ထွန်းခိုင်က လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှု ခြောက်ရပ်ကို ကာကွယ်တားဆီးရေး ဆောင်ရွက်ခြင်းဖြင့် မည်သို့ အကျိုး ရှိနိုင်မည်ဆိုသည်ကိုလည်း ပြောဆိုခဲ့သည်။

သို့သော် ၄င်းတို့ ကာကွယ်တားဆီးမည်ဟူသည့် အချက် ၆ချက်ကိုမူ The Daily Eleven သတင်းစာက ဖော်ပြထားခြင်း မရှိပေ။

၄င်းသတင်းစာသည် စစ်ကောင်စီ လဝက ဒုဝန်ကြီး ပြောဆိုသည့် အကြောင်းအရာများဖြင့်သာ သတင်းဖော်ပြထားခြင်း ဖြစ်ပြီး လက်ရှိ တိုက်ပွဲများအတွင်း ကလေးငယ်များ ထိခိုက်သေဆုံးမှု ဖြစ်စဥ်များကိုမူ ထည့်သွင်း ဖော်ပြပေးထားခြင်း မရှိပေ။

ထို့ပြင် အဆိုပါ သတင်းတွင် စစ်ကောင်စီသည် ၄င်းတို့ အာဏာသိမ်းပြီးနောက်တွင် အထက်ပါ ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းပြီး ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ထိခိုက်နစ်နာမှုများနှင့် ပတ်သတ်ပြီး အရေးစိုက် ဆောင်ရွက်နေခြင်းများကိုသာ ဒုဝန်ကြီး ပြောစကားများ ဖြင့် ဖော်ပြထားသည်။

ထိုသို့ ဆိုထားသော်လည်း မြေပြင် ဖြစ်ရပ်များအရ စက်တင်ဘာလအတွင်းက ဖြစ်ခဲ့သည့် လက်ယက်ကုန်းကျေးရွာဖြစ်စဥ်၊ မိုးဗြဲ မွေတော်ဘုရားကျောင်းထဲ လက်နက်ကြီး ပစ်သည့် ဖြစ်စဥ် စသည့် ဖြစ်စဥ်နှစ်ခုတွင်ပင် သေဆုံးရသူ ကလေးငယ်ဆယ်ဦးကျော် ရှိထားသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကရင်နီ၊ စစ်ကိုင်း၊ ကရင် စသည့် ဒေသများ၌ စစ်ကောင်စီ တပ်များ၏ ပစ်ခတ်မှုများကြောင့် ကလေးငယ်များ ထိခိုက်သေဆုံးရသည့် ဖြစ်စဥ်များစွာ ဖြစ်ခဲ့သည်။