ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ အရေးကြီးတဲ့ ကာကွယ်ရေးကဏ္ဍကို ခိုင်မာတဲ့စုဖွဲ့မှုနဲ့ စနစ်တကျ တည်ဆောက်ရန် CRPH တိုက်တွန်း
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ ကာကွယ်ရေးကဏ္ဍဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ် ဖြစ်တာနဲ့အညီ ပိုမိုခိုင်မာအားကောင်းပြီး ကျစ်လစ်တဲ့ စုဖွဲ့မှုနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို စနစ်တကျ တည်ဆောက်သွားကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်မှု ၅ နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
ဒီကနေ့ မေလ ၅ ရက်မှာ ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ CRPH အနေနဲ့လည်း ကာကွယ်ရေးကဏ္ဍအတွက် လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပေါ်ပေါက်လာစေရန် လိုအပ်ပါက လွှတ်တော်ကဏ္ဍမှာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ PDF ရဲဘော်တွေဟာ နွေဦးတော်လှန်ရေး ၅ နှစ်တာ ခရီးကြမ်းမှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်နေမှုကို အသိအမှတ်ပြုကြောင်း ဖော်ပြထားပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာ ရှေ့တန်းစစ်မျက်နှာတင်မကဘဲ နောက်တန်းစစ်တန်းလျားတွေမှာလည်း ပြည်သူတွေနဲ့အတူ အခက်အခဲများနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်လျက်ရှိပါသည်။ နွေဦးတော်လှန်ရေး အောင်မြင်မှုများတွင် အဓိကအစိတ်အပိုင်းဖြစ်ကာ ပြည်သူလူထုအတွက် တန်ဖိုးထားအားကိုးရာဖြစ်သည်ကို အသိအမှတ်ပြုဖော်ပြလိုပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုကို ခုခံတွန်းလှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ရဲဘော်တွေနဲ့ ခြေလက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရသူတွေကို အထူးဦးညွတ်ကြောင်းနဲ့ စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာကာ ပြည်သူ့အတွက် စွန့်လွှတ်စွန့်စား ကာကွယ်ပေးမှုတွေဟာ မျိုးဆက်သစ်လူငယ်တွေအတွက် စံပြုထိုက်ကြောင်း CRPH က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူတွေကို အကာအကွယ်ပေးနိုင်မည့် ဆောင်ရွက်ချက်တွေကို ဆက်လက်ကြိုးစား လုပ်ဆောင်နိုင်ပါစေကြောင်းနဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့လည်း တိုက်ပွဲတိုင်းမှာ အောင်မြင်မှု ဆွတ်ခူးနိုင်ပါစေကြောင်း ဂုဏ်ပြုသဝဏ်လွှာမှာ ဆန္ဒပြုထားပါတယ်။
