စစ်ရှောင်ဝန်ထမ်းတွေကို စစ်အုပ်စုက ထောက်ပံ့မပေးလို့ ကြုံရာအလုပ်လုပ်နေရ  စက်ရုံဆင်းနေရသူနဲ့ KTV မှာ အလုပ်ဝင်နေရသူပါ ရှိနေ

Author CJ Platform
Categories
Published on May 04, 2026

၁၀၂၇ စစ်ဆင်ရေးမှာ ရခိုင်ပြည်ကနေ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းကို စစ်ရှောင်လာတဲ့ စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ စစ်အုပ်စုရဲ့ ထောက်ပံ့မှုမရတာကြောင့် ကြုံရာကျပန်းလုပ်ကိုင်နေရတယ်လို့ Non-CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

 

စစ်ရှောင်ဝန်ထမ်းတွေကို ဝန်ကြီးဌာနတွေက ရန်ကုန်မှာရှိတဲ့ ဌာနဆိုင်ရာရုံးတွေမှာ ယာယီတွဲဖက်အဖြစ် အလုပ်ပြန်ပေးပေမယ့် အဲဒီရုံးဌာနတွေက ခွဲခြားဆက်ဆံမှုတွေကြောင့် စိတ်သောကရောက်ရတယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စစ်ရှောင်လာတာ ၁ နှစ်ကျော်မှ ရန်ကုန်မှာ ရုံးတွဲပေးတယ်။ တွဲပေးတဲ့ရုံးတွေက ရခိုင်ကလာတဲ့သူဆို လူမျိုးရေးကို အခြေခံပြီး ခွဲခြားဆက်ဆံတယ်။ လုပ်ပိုင်ခွင့်မပေးဘူး။ ထောက်ပံ့ကြေးဆိုတာကလည်း တစ်လမှ ၂ သောင်းပေးတာ ဘယ်လိုစားသောက်မလဲ။ လစာဆိုတာက ဘယ်ကထုတ်ရမှန်းမသိဘူး။ အတော်လေး စိတ်သောကရောက်တယ်” လို့ ပြောပါတယ်။

 

မောင်တောမြို့သိမ်းတိုက်ပွဲမှာ ပဲခူးတိုင်းကို စစ်ရှောင်လာတဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ ပဲခူးတိုင်းအစိုးရနဲ့ တိုင်းပညာရေးမှူးရုံးကို စာသင်ကျောင်းတွေမှာ တွဲဖက်အနေနဲ့ ယာယီတာဝန်ထမ်းဆောင်ဖို့ အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် အကြောင်းမပြန်တာကြောင့် အထည်ချုပ်စက်ရုံဆင်းနေတဲ့ ပညာရေးဝန်ထမ်းတွေ အများအပြားရှိကြောင်း ဆရာမတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မောင်တောမှာ တိုက်ပွဲတွေဖြစ်တော့ ပြေးရင်း ၃ လအကြာမှာ ပဲခူးကို ရောက်တယ်။ ရောက်ပြီး သိပ်မကြာဘူး တိုင်းပညာရေးမှူးရုံးကိုသွားပြီး ကျောင်းမှာ တွဲဖက်အနေနဲ့ ပြန်ခန့်ပေးဖို့ တင်ပြတယ်။ အကြောင်းမပြန်ဘူး။ ရခိုင်ပြည် ပညာရေးမှူး လွှဲစာနဲ့ တိုင်းအစိုးရကို ထပ်တင်ပြတယ်။ အကြောင်းမပြန်ဘူး။ အခု ဈေးရောင်းနေရတယ်။ အချို့ဆို စက်ရုံဆင်းကြတယ်” လို့ ပြောပါတယ်။

 

သံတွဲမြို့ကနေ ဧရာဝတီတိုင်း ပုသိမ်မြို့ကို စစ်ရှောင်လာတဲ့ ထွေအုပ်ဝန်ထမ်းတွေမှာလည်း ကြုံရာအလုပ်တွေကို လုပ်ကိုင်နေကြပြီး လက်ရှိအချိန်အထိ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်လို့ ထွေအုပ်ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ထွေအုပ်၊ မြေစာရင်း၊ စည်ပင်၊ ကျန်းမာရေးဌာန အတော်များများ အလုပ်ပြန်မရသေးဘူး။ အကပ်ကောင်းတဲ့သူအချို့တော့ ရုံးတွေမှာ တွဲဖက်အနေနဲ့ အလုပ်လုပ်ကြတယ်။ ဝန်ကြီးဌာနတွေက အလုပ်မပေးတော့ နီးစပ်ရာအလုပ်တွေမှာ ဝင်လုပ်ကြတယ်။ တချို့ ကလေးမလေးတွေဆို KTV မှာ လုပ်တဲ့သူတောင်ရှိတယ်” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်အတွင်းက စစ်ရှောင်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းပေါင်း ၄,၇၆၃ ဦး ရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးမှာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းအဖွဲ့တွေက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် အမ်း၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ 

မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွနဲ့ တောင်ကုတ်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်မှာ စစ်အုပ်စုရဲ့ တိုင်းအစိုးရအဖွဲ့က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC