အမျိုးသားတစ်ဦးကို ကျားဖောင်လုပ်ငန်းသို့ ရောင်းစားခဲ့သူကို ထောင်ဒဏ် ၇ နှစ်အမိန့်ချ၊ ညှင်းပန်းနှိပ်စက်သူကို မမိသေး

Author CJ Platform
Categories
Published on May 02, 2026

ရေးမှာ အမျိုးသားတစ်ဦးကို လိမ်လည်ခေါ်ယူပြီး ကျားဖောင်လုပ်ငန်းကို ရောင်းစားခဲ့တဲ့ အမျိုးသားတစ်ဦးကို ရေးခရိုင်တရားရုံးက ဧပြီ ၂၇ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခဲ့ပေမယ့် ကျားဖောင်ဦးစီးကိုတော့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ် အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ အလုပ်လုပ်နေတဲ့ အသက် ၄၄နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဇာတိဖြစ်တဲ့ မင်းလှမြို့ကို ပြန်ဖို့ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းမှာ ကားစောင့်နေချိန် ကျားဖောင်ပွဲစားတွေနဲ့တွေ့ပြီး လူကုန်ကူးခံရတာဖြစ်တယ်လို့ လူကုန်တားအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

လူကုန်ကူးခံရသူ အမျိုးသားဟာ ကျားဖောင်ပွဲစား ကိုမင်းနိုင်ကနေတဆင့် ရေးမြို့က ကျားဖောင်လုပ်ကိုင်နေသူ ကိုစိုးပိုင်ဆီ ရောင်းချခြင်း ခံခဲ့ရပြီးနောက် ကိုစိုးပိုင်က ကျားဖောင်ပေါ်မှာ အဲဒီအမျိုးသားကို နည်းလမ်းမျိုးစုံ အသုံးပြုကာ နှိပ်စက်ပြီး အလုပ်စေခိုင်းခဲ့တယ်လို့ သိရပါတယ်။ 

 

ကိုစိုးပိုင်ဦးစီးတဲ့ ကျားဖောင်ပေါ်သို့ ရောက်ချိန်မှာ ထမင်းချက်၊ ပုစွန်ပြုတ်၊ ပုစွန်ရွေးသည့်အလုပ်တွေကို လုပ်ရပြီး နေမကောင်းတဲ့ရက်တွေမှာ အလုပ်မလုပ်ပါက ကြိုးတုပ်ရိုက်နှက်ခြင်း၊ နိုင်လွန်ကြိုးဖြင့် ရိုက်ခြင်း၊ နားနှစ်ဖက်ကို လက်သီးဖြင့်ထိုးခြင်း၊ မျက်နှာကို ခြေထောက်ဖြင့်ကန်ခြင်းများ ပြုလုပ်ပြီး ပုစွန်ရွေးရာ အနည်းငယ်ကျန်ပါက ပါးစပ်နဲ့ကိုက်ကာ ကျားဖောင်ပေါ်က လွှင့်ပစ်ခိုင်းခြင်း၊ ခွေးကဲ့သို့ အူခိုင်းခြင်းများကို ပြုလုပ်ခိုင်းတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

 

အဲဒီ ညှင်းပန်းနှိပ်စက်မှုတွေကို ရေလုပ်သားတစ်ဦးက ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှ ကျားဖောင်ဦးစီး ကိုစိုးပိုင်ရဲ့ လုပ်ရပ်တွေကို လူမှုကွန်ရက်အသုံးပြုသူတွေ သိရှိပြီး ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် လူကုန်တားအဖွဲ့က သိရှိခဲ့တာ ဖြစ်ပါတယ်။

 

ဧပြီလ ၂၇ ရက် မနက်မှာ ရေးခရိုင်တရားရုံးက ကိုမင်းနိုင်ဆိုသူကို လူကုန်တားပုဒ်မ ၃၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချလိုက်ပေမယ့် ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကိုစိုးပိုင်က လွတ်မြောက်နေတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

“ရဲတွေက ကျားဖောင်ပွဲစားကိုတော့ မိအောင်ဖမ်းပြီး ထောင်ချနိုင်တယ်။ တကယ်တမ်း ကျားဖောင်ပေါ်မှာ ရိုက်တဲ့ ကျားဖောင်ဦးစီး စိုးပိုင်က အခုထိ လွတ်နေတယ်။ အမှန်ဆို နှစ်ယောက်လုံး ဖမ်းဆီးအရေးယူရမှာ” လို့ ပြောပါတယ်။

 

၂၀၂၅ ခုနှစ် သြဂုတ်လမှာ ကျားဖောင်ပေါ် ရောင်းစားခဲ့သူ ကိုမင်းနိုင်နဲ့ ရိုက်နှက်ညှင်းပန်းနှိပ်စက်သူ ကိုစိုးပိုင်တို့နှစ်ဦးကို ရေးမြို့မရဲစခန်းမှာ (ပ) အမှတ် ၅၈/၂၀၂၅၊ လူကုန်တားပုဒ်မ ၃၆ နဲ့ မော်လမြိုင်မြို့အခြေစိုက် အမှတ် ၉ လူကုန်ကူးတား ရဲတပ်ဖွဲ့မှ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီလို အမှုဖွင့်ပြီးနောက် ပြစ်မှုကျူးလွန်သူ ကိုမင်းနိုင်ကို ဖမ်းမိခဲ့ပြီး ဧပြီလ ၂၇ ရက်နေ့မှာ ပုဒ်မ ၃၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချနိုင်ခဲ့ပေမယ့် ရိုက်နှက်နှိပ်စက်သူ စိုးပိုင်ကို ဖမ်းမမိသေး၍ တရားခံပြေးအဖြစ် ကြေညာထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news