မြိုင်မြို့ပေါ်ရှိ စစ်အုပ်စုရဲ့ အရေးပါတဲ့ နယ်မြေလုံခြုံရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းသိမ်းပိုက်၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိ

Author CJ Platform
Categories
Published on Apr 30, 2026

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်အုပ်စုရဲ့ အရေးပါတဲ့ ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး စစ်သုံးပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

 

မနေ့ ဧပြီ ၂၉ ရက်မှာ ပခုက္ကူခရိုင် အမှတ် (၂၊ ၆၊ ၇) တပ်ရင်းတွေနဲ့အတူ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော် (MGY)၊ အညာမြေတပ်ပေါင်းစုနဲ့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းပြီး မြိုင်မြို့ အရှေ့မြောက်ဘက်က စစ်အုပ်စုဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

“ဒေသတွင်းမှာလည်း အရေးပါတဲ့ နယ်မြေလုံခြုံရေး အထူးစောင့်ကြပ်ဂိတ်ဖြစ်သလို သူတို့ မြို့ထဲကို အထိုင်ချတဲ့နေရာ ပြန်ပြီးပြောင်းသွားတယ်။ ခုချိန်ထိတော့ ပြန်အခြေချနေနိုင်တာ မရှိပါဘူး” လို့ ဒီကနေ့ ဧပြီ ၃၀ ရက် မနက်ပိုင်းမှာ အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က CJ Platform ကို ပြောပါတယ်။

 

တစ်နာရီခန့်ကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေဟာ ဂိတ်ကို စွန့်ခွာထွက်ပြေးခဲ့တာကြောင့် တော်လှန်ရေးတပ်တွေက ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဂိတ်စခန်းကနေ လက်ပစ်ဗုံး ၂ လုံး၊ G3 ကျည် ၁၁၅ တောင့်၊ G3 ကျည်ဘောက် ၁ ခု၊ MA-3 ကျည်ဘောက် ၁ ခုနဲ့ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ထို့ပြင် ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နဲ့ ၂၈ ရက်တို့မှာလည်း မြိုင်မြို့နယ်အတွင်းက ပျူစောထီးအမာခံစခန်းဖြစ်တဲ့ ကန်နီရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၆ ရက် တိုက်ပွဲမှာတော့ ပျူစောထီးတွေရဲ့ ကင်းထောက်ဒရုန်း တစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဧပြီ ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

မြိုင်မြို့နယ်အတွင်းက ကန်နီရွာဟာ စစ်အုပ်စုက လက်နက်၊ စစ်သင်တန်းနဲ့ ရိက္ခာထောက်ပံ့ပေးထားတဲ့ ပျူစောထီးအားအကောင်းဆုံး ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကျေးရွာကို ပျူစောထီး ကျော်ဆန်းဝင်းဆိုသူက ဦးဆောင်ပြီး စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၇၀ ခန့် အထိုင်ချထားသလို ပျူစောထီးမိသားစုဝင် ၂၀၀ ခန့် နေထိုင်တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

 

မြိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အခုတိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ထို့ပြင် မြိုင်မြို့ပေါ်နဲ့ ကန်နီရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေသတွင်း ရမ်းကားတာ၊ ကျေးရွာတွေကို အကြမ်းဖက်စီးနင်းတာတွေကို ရပ်တန့်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ​သတိပေးထားပါတယ်။