ယောဒေသ စစ်ရှောင်စခန်းတွင် ကလေးများ ပညာဆက်လက်သင်ကြားရန် အခက်အခဲများကြုံ
မကွေးတိုင်း၊ ကျောက်ထုမြို့နယ် (ယောဒေသ) ရှိ တောင်ဇလပ်စစ်ရှောင်စခန်းက စစ်ဘေးရှောင်ကလေးသူငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အရေး ဆရာ၊ ဆရာမ အင်အားမလုံလောက်မှု၊ လုံခြုံရေးအန္တရာယ်တွေနဲ့ စားဝတ်နေရေးအခက်အခဲတွေအကြားမှာ ရုန်းကန်နေရတယ်လို့ ဒေသတွင်း လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
တောင်ဇလပ်စစ်ရှောင်စခန်းမှာ မင်းတပ်၊ ယောမြို့နဲ့ ချောင်းကူးကျေးရွာတွေက နေရပ်စွန့်ခွာလာတဲ့ စစ်ရှောင်တွေ စုစည်းနေထိုင်ကြပြီး အိမ်ထောင်စု ၁၃၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ယောမြို့ရွာပတ်ဝန်းကျင်နဲ့ ကျေးရွာတွေအတွင်းကို ကျောက်ထု အမတ (၃၆၈) က လက်နက်ကြီးနဲ့ အကြိမ်ရေ ၄၀ ကျော် ပစ်ခတ်ခဲ့ပြီး လူသေဆုံးမှုများ ရှိလာတာကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။
“အဓိကကတော့ လက်နက်ကြီးနဲ့ စစ်ကြောင်းတွေ ကြောက်လို့ပါ။ မကြာခဏတော့ လက်နက်ကြီးထုတာ၊ Drone ဗုံးသီးချတာလိုမျိုးတွေ ခံရတဲ့အတွက် စစ်ရှောင်ကြတာပါ” လို့ ကျောက်ထုမြို့နယ်က ဒေသခံပြည်သူ ဦးအောင်ထွန်းနိုင်က ပြောပါတယ်။
စစ်ရှောင်နေရတဲ့အတွက် စားဝတ်နေရေးနဲ့ ဘဝရပ်တည်ရေး အခက်အခဲတွေ တိုးမြင့်လာသလို စစ်ရှောင်ကလေးသူငယ်တွေရဲ့ ပညာရေးကိုလည်း ထိခိုက်မှုတွေ ရှိလာခဲ့တယ်လို့ ကူညီပံ့ပိုးနေသူတွေက ဆိုပါတယ်။
အရင်က ယောမြို့မှာ NUG လက်အောက်ခံ ဒေသအခြေပြုပညာရေးကျောင်းတွေ ရှိခဲ့ပေမယ့် နေရပ်စွန့်ခွာရပြီးတဲ့နောက်မှာ ပညာရေး ဆက်လက်အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ကြရပါတယ်။
“တစ်နှစ်သင်ရမယ့် သင်ခန်းစာတွေကို ခြောက်လအတွင်း အပြတ်သင်ရတာကြောင့် ကလေးတွေ နားလည်မှုနည်းသွားတယ်” လို့ တောင်ဇလပ်စစ်ရှောင်စခန်းမှ ဆရာမ ခင်ခင်ချောက ပြောပါတယ်။
စစ်ရှောင်စခန်းတွေမှာ CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို စုစည်းပြီး သင်ကြားရေး ဆက်လက်လုပ်ဆောင်နေပေမယ့် ဆရာ၊ ဆရာမ အင်အားမလုံလောက်မှုနဲ့ ဘာသာရပ်ကျွမ်းကျင်မှု ကန့်သတ်ချက်တွေကြောင့် သင်ကြားရေးမှာ ထင်သလောက် ရှေ့မရောက်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် လုံခြုံရေးအခြေအနေ မတည်ငြိမ်တာတွေကြောင့် ကျောင်းတွေကို ပုံမှန်မဖွင့်နိုင်ဘဲ ဖွင့်ပိတ် မကြာခဏ ပြုလုပ်နေရတာတွေကြောင့် ကလေးတွေမှာ ပညာရေးအဆက်ပြတ်မှုတွေ ကြုံနေကြရတယ်လို့ သိရပါတယ်။
စစ်ရှောင်ကလေးသူငယ်တွေဟာ စာရေးကိရိယာ မလုံလောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ မိဘတွေရဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ပညာသင်ကြားဖို့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် အဓိကအလုပ်ဖြစ်တဲ့ တောင်သူလုပ်ငန်းခွင်ဝင်ချိန်ရောက်မှသာ စစ်ရှောင်နေရာမှ နေ့ချင်းပြန် လယ်ယာထွန်ယက်စိုက်ပျိုးကြရတာဖြစ်ပြီး စစ်ကြောင်းသတင်းကိုလည်း နားစွင့်ပြီး အလုပ်လုပ်နေကြရတယ်လို့ သိရပါတယ်။
ရာသီပေါ်သီးနှံတွေ ဈေးကောင်းမရတာ၊ စက်သုံးဆီဈေး မြင့်တက်လာတာ၊ ကျွဲနွားတွေ အသုံးပြုဖို့ အဆင်မပြေတာတွေကြောင့် ထွန်ယက်စိုက်ပျိုးခက ပိုကုန်ကျပြီး စိုက်ပျိုးရေးလုပ်ရတဲ့အခါ ကုန်ကျစရိတ်များပြီး တွက်ခြေမကိုက်ဘူးလို့ ဆိုပါတယ်။
တောင်သူလုပ်ငန်းကို စိတ်ဖြောင့်ဖြောင့် မလုပ်နိုင်တာကြောင့် လူငယ်ရှိတဲ့ မိသားစုတွေက ဆိုင်ကယ်ကယ်ရီလိုက်တာ၊ တစ်နိုင်တစ်ပိုင် ဈေးရောင်းတာစတာတွေနဲ့ စားဝတ်နေရေး ဖြေရှင်းရင်း ပညာရေးနှောင့်နှေးနေကြရတယ်လို့ သိရပါတယ်။
“တချို့မိသားစုတွေဆို စိုက်ပျိုးစရိတ် မတတ်နိုင်လို့ မစိုက်ဘဲ ပစ်ထားကြရတယ်” လို့ ကျောက်ထုဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
အချို့စစ်ရှောင်ကလေးတွေဟာ မိသားစုဝင်တွေနဲ့အတူ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေရတာကြောင့် ပညာရေးနဲ့ ဝေးကွာသွားတာတွေလည်း ရှိနေပါတယ်။
“မိဘတွေက စားဝတ်နေရေးနဲ့ အသက်ရှင်သန်ရေးလောက် အရေးမကြီးဘူးဆိုပြီး ကျောင်းမပို့တာတွေလည်း ရှိတယ်” လို့ ဆရာမ ခင်ခင်ချောက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ လက်ရှိ ယောဒေသမှ စစ်ဘေးရှောင်ကလေးသူငယ်များအတွက် လုံခြုံပြီး တည်ငြိမ်တဲ့ ပညာရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် အခက်အခဲတွေ ရှိနေဆဲဖြစ်ပြီး အနာဂတ်အတွက် အာမခံချက်ပေးနိုင်တဲ့ ပညာရေးမျှော်လင့်ချက်တွေ မှေးမှိန်နေတာ ဖြစ်ပါတယ်။
