ရခိုင်ပြည် အေးချမ်းသွားပြီလို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ်ပြော၊ ဌာနဆိုင်ရာ စစ်ရှောင်ဝန်ထမ်းများ ဝေဖန်
အာရက္ခတပ်တော် AA တိုက်ခိုက်သိမ်းပိုက်မှုကြောင့် မြို့ ၃ မြို့သာ ရခိုင်ပြည်အစိုးရက အုပ်ချုပ်နိုင်ပေမယ့် ရခိုင်ပြည်ရဲ့ လက်ရှိအခြေအနေမှာ အေးချမ်းနေပြီလို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ် ဦးနိုင်ဦးက ပြောဆိုမှုအပေါ် ဌာနဆိုင်ရာနဲ့ စစ်ရှောင်ဝန်ထမ်းတွေက ဝေဖန်ပြောဆိုပါတယ်။
ဧပြီလ ၂၈ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သမ္မတလမ်းညွှန်တဲ့ ရက် ၁၀၀ စီမံချက် အစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးနိုင်ဦးက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြောတာလို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဝန်ထမ်းတွေအားရှိအောင် ပြောတယ်ဆိုပေမယ့် မှန်ကန်တဲ့စကားပြောရင် ပြဿနာမရှိဘူး။ အခုက ရခိုင်ပြည်မှာ ဘယ်နေရာအေးချမ်းလို့လဲ။ စစ်တပ်က အုပ်ချုပ်လို့ရတဲ့ စစ်တွေနဲ့ ကျောက်ဖြူမှာတောင် မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေတာ။ AA ကလည်း အဲဒီ ၃ မြို့ရဖို့ တိုက်နေတာကို အေးချမ်းတယ်ဆိုတော့ ဝန်ကြီးချုပ်မို့လို့ ဒီစကား ပြောရဲတယ်” လို့ ဝေဖန်ပြောဆိုပါတယ်။
အာရက္ခတပ်တော် AA သိမ်းထားတဲ့ မြို့ ၁၄ မြို့နယ်မှာ စစ်ဘေးရှောင်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းများမှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းမှာ သောင်တင်နေပြီး ၂ နှစ်ကျော် ကြာလာတဲ့အထိ နေရပ်မပြန်ရသေးကြောင်း စစ်ဘေးရှောင်ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရွေးကောက်ပွဲမစခင်က မင်းအောင်လှိုင်က အစိုးရသစ်တက်လာလို့ အေးချမ်းသွားရင် စစ်ရှောင်ဝန်ထမ်းတွေ အကုန်လုံး ရခိုင် ပြန်ရမယ်ပြောတယ်။ သူသာ သမ္မတဖြစ်သွားတယ်၊ စစ်ရှောင်ဝန်ထမ်းတွေ ရခိုင်မပြန်ရဘူး။ စစ်တွေနဲ့ ကျောက်ဖြူမှာရှိတဲ့ ဝန်ထမ်းတွေ ဖုန်းဆက်တော့ သူတို့တောင် ရှောင်တိမ်းပြီး အလုပ်လုပ်နေရတာဆိုတော့ ဒီတစ်သက် ရခိုင်ပြန်ရပါ့မလားလို့ စဉ်းစားမိတယ်” လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ ရှောင်တိမ်းနေရပြီး ပြည်အစိုးရအဖွဲ့ရုံးရှိရာ စစ်တွေမြို့မှာပဲ အေးချမ်းတာလို့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့မှာတောင် ကျောက်ဖြူက ဝန်ထမ်းတွေ ထွက်ပြေးနေရတယ်။ အေးချမ်းပါတယ်ဆိုတဲ့ စစ်တွေတောင် တစ်ခါတလေ တိုက်ပွဲဖြစ်နေတာ၊ ဘယ်နေရာ အေးချမ်းတာလဲ။ တိုက်ပွဲအသံ မကြားရတာဆိုလို့ မာန်အောင်ပဲ ရှိတယ်” လို့ ဝေဖန်ပြောဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းအဖွဲ့တွေက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် အမ်း၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွနဲ့ တောင်ကုတ်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – Pro-SAC
