အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆို

Author ခေတ်နီ
Categories
Published on Nov 04, 2022

ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်၏ တပ်မ ၆၆ လက် အောက်ခံတပ်က မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အုတ်ဖိုမြို့နယ်အတွင်းရှိ ဝိုင်း၊ချောင်းစောက်၊ကိုင်းချိုကြီး ကျေးရွာများကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုလမ်းကြောင်း မလွတ်ကင်းတာကြောင့် ရွာအားရွှေ့ပေးရန်နှင့် မရွှေ့ပေးပါက ကျေးရွာများအား မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့က လက်နက်ကြီး ပစ်မယ့်လမ်းကြောင်းမှာရွာခံနေလို့ ရွာကိုရွှေ့ပေးဖို့ပေါ့ မဖယ်ပေးရင် ရွာကို မီးရှို့မယ်ပြောတာပေါ့ အဲ့ရွာတွေက အကုန်နီးပါးစစ်ရှောင်နေရတာ ခေါင်းကြီးပိုင်းလောက်ပဲ ရွာမှာရှိကြတာ”ဟု ချောင်းစောက်ရွာခံ တစ်ဦးက CJ Platform ပြောသည်။

ထိုသို့ ခြိမ်းခြောက်ပြောဆိုခဲ့သည့် စစ်ကောင်စီတပ် သည် အင်းမ အခြေစိုက် တပ်မ ၆၆ လက်အောက် ခံတပ်မှဖြစ်ပြီး ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ရက် နေ့မှစ၍ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

“ဒီမှာက PDFကသွားပစ်ပြီးပြေးရင် သူတို့က လက်နက်ကြီးတွေနဲ့ရော အသေးတွေနဲ့ရောပစ်တာ ရွာတွေထဲတော့ သူတို့ကျည်ကျတာရှိတယ် အိမ်တွေထိတာများတယ်”ဟု အဆိုပါရွာခံမှဆက်ပြောကြားသည်။

ယင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများနှင့် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ကျေးရွာ ၃ ရွာမှ အိမ်ခြေ ၅၀၀ နီးပါးသည် ဘေးလွတ်ရာတောတောင်များကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။