စစ်ကိုင်းမှာ ရက် ၁၀၀ စီမံချက်နဲ့ မှတ်ပုံတင်ပြုလုပ်ပေးနေတယ်လို့ဆိုပြီး ရေထွက်ခပ်သူပါ မချန် ပေါ်တာဆွဲနေ

Author CJ Platform
Categories
Published on Apr 27, 2026

စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေမှာ စစ်အုပ်စုတာဝန်ရှိသူတွေက စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တွေ ကွင်းဆင်းဆောင်ရွက်ပေးနေစဉ်မှာပဲ စစ်အုပ်စုတပ်သားနဲ့ ပျူပူးပေါင်းအဖွဲ့တွေက မြို့အနှံ့မှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ ဧပြီ ၂၇ ရက် နံနက် ၉ နာရီခန့်က ပိုးတန်းရပ်ကွက် မြို့လယ်သုဓမ္မာဓမ္မာရုံမှာ အသက် ၁၀ နှစ်ပြည့်နဲ့ ၁၈ နှစ်ပြည့်သူ စုစုပေါင်း ၆၀ ကို မှတ်ပုံတင်တွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပြီး အဲဒီလိုဆောင်ရွက်ရာမှာ စစ်အုပ်စုအစိုးရရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့တယ်လို့လည်း စစ်အုပ်စုသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

“ပေါ်တာဆွဲလို့ရအောင်၊ ပေါ်တာဆွဲကောင်းအောင် လုပ်နေကြတာပါ” လို့ မြို့ခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီလိုလုပ်ဆောင်နေပြီး တစ်ဖက်မှာတော့ စစ်အုပ်စုတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေဟာ ကား ၅ စီးနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ကာ ဒေသခံအမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့ ဆက်လက်ပြောပါတယ်။

 

“မြို့ထဲ လူမထွက်ဘူး။ သူတို့ (စစ်အုပ်စု) ပတ်ပြီး ဆွဲနေလို့။ ထွေအုပ်ရုံးရှေ့မှာလည်း ဖမ်းခံထားရတဲ့ မိသားစုဝင်တွေ တွေ့ဖို့ စောင့်နေကြတာ။ အပြင်မှာကလည်း နေရာစုံ ပတ်ဆွဲနေတယ်” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ဧပြီ ၂၇ရက် မနက်ပိုင်းမှာ မြို့သစ်ရပ်ကွက်ရှိ အများသုံးရေသန့်စက်မှာ ရေလာခပ်သူတွေအပြင် ဇေယျာကွက်သစ်နဲ့ ဇေယျာတိုးချဲ့ရပ်ကွက်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေရှိခဲ့ကြောင်းကိုလည်း သိရပါတယ်။

 

“တိုးချဲ့ထဲမှာ ဒီမနက်ဆွဲတာ များတယ်တဲ့။ ဈေးဝယ်နေတဲ့သူတွေကိုပါ ကားပေါ် အတင်းတက်ခိုင်းတာ။ စစ်ကိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူတစ်ယောက်ဆိုလည်း ကားပေါ်အတင်းဆွဲတက်ခိုင်းတာ။ ပုံစံကြည့်ပြီး အရာရှိက မေးပြီးမှ ပြန်လွှတ်ပေးလိုက်တာမျိုး ရှိတယ်။ နေရာအနှံ့ ပတ်ဆွဲနေတာ” လို့ အခြားစစ်ကိုင်းမြို့ခံ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက လိုက်လံထုတ်ယူနိုင်ဖို့ ကြိုးစားနေကြပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

 

ထို့ပြင် အခုလို စစ်အုပ်စုတပ်သားတွေရဲ့ စောင့်ကြည့်ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် မြို့အတွင်း စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

 

စစ်ကိုင်းမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်ကနေ ဧပြီလ ၂၂ ရက်အထိ ၃ ရက်တာအတွင်းမှာလည်း ပြည်သူ့စစ်မှုထမ်း သက်တမ်းပြည့်သွားတဲ့သူတွေနေရာမှာ အစားထိုးလဲလှယ်ဖို့အတွက် စစ်အုပ်စုက လူငယ် ၂၀၀ ခန့်ကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC