သစ်တောကြိုးဝိုင်းထဲ ကျူးကျော်ကာ ဘုန်းကြီးကျောင်းဆောက်လုပ်ပြီး မဖွယ်မရာတွေ လုပ်ဆောင်နေတဲ့ သင်္ကန်းဝတ်ဆင်ထားသူတွေ ဖမ်းဆီးခံရ
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ မဖွယ်မရာရုပ်သံဖိုင်အတွင်းပါဝင်တဲ့ ငွေဆောင်မြို့ မဒေါ့ကုန်းအုပ်စု အောင်သစ္စာမဏ္ဍိုင်ကျောင်းတိုက်က ဘုန်းကြီး ၂ ပါးနဲ့ သီလရှင် ၂ ပါးကို ဧပြီလ ၂၆ ရက်နေ့မှာ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဧပြီလ ၂၆ ရက် မနက်က သာသနာရေးဦးစီးဌာန၊ အုပ်ချုပ်ရေးနဲ့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က အောင်သစ္စာမဏ္ဍိုင်ကျောင်းတိုက်အတွင်း ဘုန်းကြီး ၂ ပါးနဲ့ သီလရှင် ၂ ပါးကို လာရောက်စစ်ဆေးကာ လူဝတ်လဲပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သီလရှင်က အရက်မူးနေတယ်၊ ဘုန်းကြီးကလည်း အရက်မူးနေတယ်။ စကားနဲ့တောင် ပြောလို့မထွက်တဲ့ အပြုအမူတွေဗျာ။ အဲဒီဗီဒီယို လိုင်းပေါ်မှာ ပျံ့နှံ့ပြီး အဖမ်းခံရတာပဲ” လို့ ပြောပါတယ်။
အောင်သစ္စာမဏ္ဍိုင်ကျောင်းတိုက်ဟာ တရားဝင်သာသနာ့နယ်မြေမဟုတ်ဘဲ ပုသိမ်-ငွေဆောင်လမ်း ၁၆/၀ မိုင် သလပ်ခွာသစ်တောကြိုးဝိုင်း အကွက်အမှတ် ၂၇ မှာ တည်ဆောက်ထားတာလို့ သာသနာရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“၂၀၀၁ ခုနှစ်ကတည်းက တောရကျောင်းဆောက်ပြီးနေတာ။ အရပ်စကားနဲ့ပြောရရင် အတွဲ ၂ ပေါ့။ မနေ့ကပဲ နယ်မြေရဲစခန်းရယ်၊ အုပ်ချုပ်ရေးနဲ့ သာသနာရေးပေါင်းပြီး လူဝတ်လဲပြီး ဖမ်းလိုက်တာ။ လက်တလော ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ထားတယ်။ နောက်တစ်မှုက သစ်တောကြိုးဝိုင်းမြေမှာ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တဲ့အမှုပါ” လို့ ရှင်းပြပါတယ်။
ဧပြီလ ၂၁ ရက်က လူမှုကွန်ရက်ပေါ်တွင် ဘုန်းကြီး ၂ ပါးနဲ့ သီလရှင် ၂ ပါးမှာ အရက်သေစာသောက်စားပြီး မဖွယ်မရာပြုမူနေတဲ့ ဗီဒီယိုများ ပျံ့နှံ့ခဲ့ပြီးနောက် သာသနာရေးကို ဝေဖန်သူတွေ များခဲ့ပါတယ်။
လက်ရှိအခြေအနေတွင် သလပ်ခွာနယ်မြေရဲစခန်းမှ ဦးခေမာဝံသ (ခ) ဦးတင်ထွန်းဦး၊ ဦးရေဝတ (ခ) ဦးအောင်ကျော်၊ ဒေါ်နန္ဒမာလာ (ခ) ဒေါ်မြင့်မြင့်အေးနဲ့ မမာလာဝံသ (ခ) မအေးအေးခိုင်တို့ကို (ပ) ၃၁/၂၀၂၆၊ ပုဒ်မ ၂၉၅ (က) အရ အရေးယူထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – တိုင်းသာသနာရေး
