ခွန်တန် ဦးဆောင်တဲ့အဖွဲ့ စစ်အုပ်စုဆီ လက်နက်ချသွားကြောင်း PNLO အတည်ပြုပြော
ရှမ်းပြည်တောင်ပိုင်းမှာ စစ်အုပ်စုကို ခုခံတော်လှန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) တပ်ဖွဲ့က ခွန်တန် (ခ) ဆလိုက် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်ရောက်သွားတယ်လို့ PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက CJ Platform ကို အတည်ပြုပြောပါတယ်။
PNLO တပ်ဖွဲ့ဝင် ၆၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း ဒီနေ့ ဧပြီ ၂၇ ရက်ထုတ် စစ်အုပ်စုဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားသလို စစ်အုပ်စုလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ခွန်တန် ဦးဆောင်တဲ့အဖွဲ့ဟာ PNLO က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာသလို လက်ရှိကာလ တော်လှန်ရေးအခက်အခဲအခြေအနေ၊ စိတ်ဓာတ်ခံယူချက် ခိုင်မာမှုမရှိတာတွေကြောင့် စစ်အုပ်စုဘက် လက်နက်ချသွားတာဖြစ်တယ်လို့ PNLO က ပြောပါတယ်။
“ခွန်တန် ဦးဆောင်တဲ့အဖွဲ့ လက်နက်ချသွားတယ်ဆိုတာတော့ ဟုတ်တယ်။ ဒီအချိန် အခက်အခဲတွေဖြစ်လာနေတဲ့အချိန်မှာ တော်လှန်ရေးရဲ့အခက်အခဲကို မခံနိုင်တာ၊ ရင်မဆိုင်နိုင်တာက တစ်ကြောင်း၊ နောက်တစ်ခုက တော်လှန်ရေးကို စိတ်ဓာတ်ခံယူမှု ခိုင်မာမှုမရှိတာကတစ်ကြောင်း အဲဒါတွေကြောင့်မို့ပဲ လက်နက်ပြန်ချသွားတယ်” လို့ ခွန်ရိန်းယံက အတည်ပြုပြောပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းကာလက ခွန်တန်နဲ့အဖွဲ့ အခက်အခဲတွေရှိနေချိန် ဒေသတွင်း ဘာသာရေးဆိုင်ရာ ဆရာတော်များရဲ့ မေတ္တာရပ်ခံချက်ကြောင့် PNLO အဖွဲ့တွင်းမှာ သူတို့ကို လက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ PNLO ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ အဖွဲ့အစည်းကနေ ပြန်ထွက်ပြီး ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့ဆီ ပြည်သူ့စစ်အဖွဲ့အနေနဲ့ ဝင်ရောက်ခဲ့သေးတယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။
“အဲဒီနောက်ပိုင်း ၂၀၂၄ မှာ ကျွန်တော်တို့ စစ်ကောင်စီကို ပြန်တိုက်တဲ့အခါကျတော့ သူတို့က တော်လှန်ရေးပြန်လုပ်ချင်တယ်ဆိုပြီးတော့ တောင်းဆိုလာတယ်။ အဲဒီအချိန်ကလည်း ကျွန်တော်တို့က တော်လှန်ရေးအတွက် တစ်စုံတစ်ရာအားဖြစ်အောင် တော်လှန်ရေးမျက်နှာကို ရှေးရှုပြီးတော့မှ သူတို့ကို ပြန်လက်ခံခဲ့တာဖြစ်တယ်။ အခု ဒီအချိန် အခက်အခဲတွေဖြစ်လာနေချိန် ဒီအခက်အခဲကို မခံနိုင်တာ၊ ရင်မဆိုင်နိုင်တာ၊ တော်လှန်ရေးကို စိတ်ဓာတ်ခံယူမှု ခိုင်မာမှုမရှိတာတွေကြောင့် လက်နက်ပြန်ချသွားတယ်” လို့ PNLO ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ တောင်ကြီး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်လောင်း၊ မောက်မယ်နဲ့ လွိုင်ကော်မြို့နယ်တို့မှ PNLO တပ်ဖွဲ့ဝင် ၆၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဝင်ရောက်လာတယ်လို့ ထုတ်ပြန်ထားပေမယ့် အမှန်တကယ် လက်နက်ချဝင်ရောက်သူတွေဟာ ၃၀ ဝန်းကျင်ပဲ ရှိတယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။
အခုလ ဧပြီ ၂၄ ရက်ကလည်း တော်လှန်ရေးတပ်ရင်းတွေဘက်ကနေ စစ်အုပ်စုထံ လက်နက်ချအလင်းဝင်လာတဲ့ အဖွဲ့ဝင်ပေါင်း ၅၁၇ ဦး ရှိတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ထားပေမယ့် ဒီအထဲက အများစုဟာ စစ်အုပ်စုက သူတို့ခေါ်ယူထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို တော်လှန်ရေးအဖွဲ့တွေရဲ့ ယူနီဖောင်းနဲ့ တံဆိပ်တပ်ဆင်ကာ ထည့်သွင်းဖော်ပြထားတာမျိုးတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဓာတ်ပုံ – Pro-SAC
