ရန်ကုန်မှာ ရဲတွေက နှစ်လုံးထီဒိုင်ချုပ်တွေကို မဖမ်းဘဲ ကော်မရှင်နဲ့ရောင်းသူတွေကိုသာ ဆက်တိုက်ဖမ်း
ရန်ကုန်တိုင်းအတွင်း လောင်းကစားမှု ပပျောက်ရေးဟုဆိုကာ ရဲတွေက နှစ်လုံးထီဒိုင်ချုပ်များကို မဖမ်းဘဲ ကော်မရှင်စားတွေနဲ့ ထိုးသားတွေကိုသာ ဖမ်းဆီးနေတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဧပြီ ၂၁ နဲ့ ၂၂ ရက်မှာ တောင်ဥက္ကလာပမြို့နယ် ၁၅ ရပ်ကွက်နဲ့ ၁၄ ရပ်ကွက်မှာ ကော်မရှင်ဖြင့် နှစ်လုံးထီရောင်းချသူတစ်ဦးနဲ့ ထိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စီမံချက်ဆိုလည်း ဒိုင်ကြီးတွေ ဖမ်းပါလား။ အခုဟာက ကော်မရှင်နဲ့ တစ်ရာဖိုး၊ နှစ်ရာဖိုး ရောင်းတဲ့သူကို လိုက်ဖမ်းတယ်။ ဒိုင်တွေကျတော့ ဝင်ဖမ်းရင် ရှောင်လို့ရအောင် ရဲစခန်းက ကြိုပြီးဖုန်းဆက်ထားတယ်။ ၂၂ ရက်က ၁၄ ရပ်ကွက်မှာ ထိုးသားတစ်ယောက်ကို ဘောက်ချာတစ်စောင်နဲ့ဖမ်းတယ်၊ ၂၁ ရက်နေ့က ၁၅ ရပ်ကွက်မှာ ကော်မရှင်နဲ့ရောင်းတဲ့ မသန္တာစိုးကို ဖမ်းတယ်” လို့ ပြောပါတယ်။
လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်မှာ ဧပြီလ ၂ ရက် မနက် ၁၁ နာရီကလည်း ကော်မရှင်နဲ့ နှစ်လုံးထီရောင်းချသည့် အသက် ၄၈ နှစ်အရွယ် ဦးထွန်းထွန်းကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“၁၈ ရပ်ကွက်မှာ နှစ်လုံးထီဒိုင်ချုပ် ၃ ဦးရှိတယ်၊ သောင်ကြီးရဲစခန်းကလည်းသိတယ်၊ ခရိုင်ကလည်းသိတယ်၊ မဖမ်းဘူး။ တကယ်တမ်းဖမ်းတော့ ရပ်ကွက်ထဲက လက်ခွဲအသေးစားလေးတွေကို ဖမ်းတယ်။ လှိုင်သာယာမှာ တောက်လျှောက်ဖမ်းတာ ဒိုင်တော့မဟုတ်ဘူး၊ လမ်းလျှောက်ရောင်းတဲ့သူတွေ၊ ကော်မရှင်စားတွေ၊ ထိုးသားတွေကို ဖမ်းတာ။ ပြောရရင် အဖမ်းပြတာ” လို့ ပြောပါတယ်။
အလားတူပင် ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီကလည်း မှော်ဘီမြို့နယ်၊ သန္ဒေပင်ကျေးရွာနေ နှစ်လုံးထီကို အကွက်စားနဲ့ရောင်းချနေတဲ့ မဆွေဇင်မိုးကို ဖမ်းခဲ့တယ်လို့ ရွာခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တစ်လုံး၊ နှစ်လုံး၊ သုံးလုံး ပပျောက်ချင်တယ်ဆိုရင် ဒိုင်ချုပ်တွေရော၊ လက်ခွဲဒိုင်တွေရော၊ ကော်မရှင်နဲ့ရောင်းတဲ့သူတွေရော အကုန်ဖမ်းထည့် ဒါမှပျောက်မှာ။ တိုင်းတွေ၊ ခရိုင်တွေနဲ့ ပတ်သက်တဲ့သူ၊ ပေးကမ်းထားတဲ့သူတွေကိုတော့ မဖမ်းဘူး။ မရှိလို့လုပ်စားတဲ့သူတွေကို ဖမ်းတာ၊ ဥပဒေက မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလိုပဲ” လို့ ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကို မြို့နယ်ရဲစခန်းအသီးသီးက လောင်းကစားဥပဒေပုဒ်မ ၁၈ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ နှစ်လုံး၊ သုံးလုံးရောင်းချ၍ ဖမ်းဆီးခံရသူ အမျိုးသား၊ အမျိုးသမီး ၇၄ ယောက်ရှိတယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးထီ ရောင်းချသူ အမျိုးသား ၆၈ ယောက်နဲ့ အမျိုးသမီး ၅၀ စုစုပေါင်း ၁၁၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးအောင်နိုင်သူဟာ ဒုရဲချုပ်ဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
ပုံစာ – စစ်အုပ်စုခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဒုရဲချုပ်ဟောင်း ဦးအောင်နိုင်သူကို မြင်ရပုံ
