တပ်ချုပ် အသစ်လက်ထက် ရန်ကုန်မှာ စစ်မှုထမ်းဖို့ လူငယ်တွေ ဖမ်းဆီးမှု မြင့်တက်လာ
ညပိုင်း လမ်းပေါ်သွားလာတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တာတွေ ပြန်လုပ်လာတဲ့အတွက် ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့မှာ လူငယ်အချို့ ပျောက်တဲ့ဖြစ်ရပ်တွေ ရှိနေခဲ့သလို စစ်မှုထမ်းဖို့ဆိုပြီး နေအိမ်အထိ လိုက်လံခေါ်ဆောင်တာတွေလည်း ပြန်လုပ်လာတာကြောင့် တစ်ကျော့ပြန် စိုးရိမ်စရာအခြေအနေ ဖြစ်လာရတယ်လို့ ဆိုပါတယ်။
လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ယောက်က “အသိထဲက လူငယ်ပိုင်းတစ်ယောက်ဆိုရင် သူငယ်ချင်းတွေနဲ့ဆုံပြီး ညမိုးချုပ်တော့ အိမ်ပြန်သွားတာ အိမ်လည်း ပြန်ရောက်မလာဘူး။ အဆက်အသွယ်လည်း လုပ်မရတော့ဘဲ ပျောက်နေတာ နှစ်ပတ်လောက်ရှိပြီ။ စုဆောင်းရေးထဲ ပါသွားပြီလို့ ယူဆထားကြတယ်” လို့ ပြောပါတယ်။
အဲဒီလူငယ်မှာ သင်္ကြန်ရက်ထဲ ပျောက်သွားတာဖြစ်ပြီး လှိုင်မြို့နယ် ၁၁ ရပ်ကွက်မှာ ဧပြီလ ၂၀ ရက်က စစ်သားနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က စစ်မှုထမ်းစာရင်းကိုင်ပြီး လူငယ် ၆ ဦးကို နေအိမ်ထဲကနေ ဝင်ဆွဲခေါ်သွားတဲ့ဖြစ်ရပ်လည်း ရှိခဲ့တယ်လို့ လှိုင်မြို့နယ်တွင်းဖြစ်ရပ်တွေကို ဖော်ထုတ်မျှဝေနေတဲ့ Hlaing Info က အသိပေးထားပါတယ်။
သာကေတမြို့နယ်မှာလည်း သင်္ကြန်ပိတ်ရက်မတိုင်ခင်က အလုပ်ကပြန်လာတဲ့ လူငယ်တစ်ယောက်ကို အရပ်ဝတ်နဲ့ လူအချို့က ကားပေါ်ဆွဲတင်သွားပြီး စစ်မှုထမ်းဖို့ ခေါ်သွားတဲ့အတွက် မိသားစုက လိုက်ရွေးထုတ်ခဲ့ရတယ်လို့ အဲဒီမိသားစုနဲ့ ရင်းနှီးသူတစ်ယောက်က ဆိုပါတယ်။
“အဲဒီမိသားစုရဲ့ ဆွေမျိုးနီးစပ်တော်တဲ့ စစ်တပ်အရာရှိပိုင်းတစ်ယောက်က လိုက်ပေးလို့ ပြန်လွတ်လာတာ၊ မဟုတ်ရင် ကောင်လေးဘဝက မလွယ်ဘူး။ ဒီလိုတွေဖြစ်နေတော့ ညပိုင်းသွားလာတာ ပြန်သတိထားနေရတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ စစ်အုပ်စုက အသွင်ပြောင်းအစိုးရဖွဲ့တဲ့ လုပ်ငန်းစဉ်တွေအပြီးမှာ လူငယ်တွေ သွားလာရင်းပျောက်တာ၊ စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်တာတွေ ခပ်စိပ်စိပ် ပြန်တွေ့လာရတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေကလည်း သတိပေးထားပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်ခင်က စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်တာတွေ ခပ်စိပ်စိပ်လုပ်ခဲ့တာရှိပြီး ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။
ဖမ်းဆီးသူအချို့က စုဆောင်းရေးတပ်ဆီပို့ပြီး ငွေနဲ့လဲတာ၊ မိသားစုကို အကျပ်ကိုင်ပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာမျိုးလုပ်ကာ အကျိုးစီးပွားရှာနေတာလို့ အဲဒီလုပ်ရပ်တွေကို သိရှိထားသူတွေက ဆိုပါတယ်။
စစ်မှုထမ်းဆင့်ခေါ်ရာမှာ အဂတိလိုက်စားမှုနဲ့ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ အာဏာသိမ်းစစ်အုပ်စုရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း မတ်လ ၂၀ ရက်က ရှမ်းပြည်တောင်ပိုင်း၊ ကလောတပ်နယ် မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ခံပြောဆိုထားပါတယ်။
ထို့ပြင် ငွေကြေးမသမာမှုလုပ်ပြီး စစ်မှုထမ်းဆင့်ခေါ်မှု မဖြစ်ရအောင် အဆင့်ဆင့်စိစစ်ကြပ်မတ်ဖို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကလည်း ဖေဖော်ဝါရီလ ကုန်ပိုင်းမှာ ပြောခဲ့တာ ရှိပါတယ်။
စစ်အုပ်စုအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်ပြီး ဧပြီလဆန်းမှာ အပတ်စဉ် (၁) ကို စတင်ခေါ်ယူ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
စစ်မှုထမ်းအပတ်စဉ်တစ်ခုကို အင်အား ၅,၀၀၀ နီးပါး ခေါ်ယူတာဖြစ်ပြီး အပတ်စဉ် ၂၀ ကျော် ဖွင့်ထားတာကြောင့် စစ်အုပ်စုအနေနဲ့ စစ်သား ၁ သိန်းကျော် စုဆောင်းထားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
ဓာတ်ပုံ – Pro-SAC
