ငလျင်နောက်ဆက်တွဲဂယက် ရေအရင်းအမြစ်ရှားပါးသွားတဲ့ အညာမှာ လောင်စာဆီစျေးမြင့်တက်မှုကြောင့် ရေကားတွေပါ စျေးတက်
အညာဒေသတစ်ခုဖြစ်တဲ့ မကွေးတိုင်းထဲက ဒေသတွေမှာ ရေရှားပါးမှုပြဿနာ အပြင်းအထန် ကြုံတွေ့နေရပြီး ရေဘောက်ဆာကားတစ်စီးလျှင် သယ်ယူစရိတ် ကျပ် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) အထိ ပေးဆောင်နေရတယ်လို့ အညာမြေတပ်ပေါင်းစုဆီက စုံစမ်းသိရှိရပါတယ်။
ယခင်နှစ်တွေက အခုလို ရေအခက်အခဲ မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ မိုးရာသီကာလတွေက မိုးခေါင်တာ၊ ငလျင်လှုပ်ခြင်းနဲ့အတူ အခုနှစ် မိုးဦးမကျသေးတဲ့ ကာလအတွင်းမှာ ရေတွင်း၊ ရေကန်များ ရေခန်းခြောက်ကာ အခြေအနေ ဆိုးရွားနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ရေအရင်းအမြစ်ရှိတဲ့နေရာက နှစ်မိုင်ကျော်ကျော်ပဲ ဝေးတာ။ ဒါပေမယ့် ရေခမပါသေးဘူး၊ ကားခချည်းသက်သက်ကို တစ်သိန်းရှစ်သောင်း ပေးနေရတာ။ လောင်စာဆီဈေးကလည်း တက်နေတော့ ရေသယ်ယူစရိတ်က အင်မတန် ကြီးမြင့်နေတယ်” လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က CJ Platform ကို ပြောပါတယ်။
အခု ဧပြီစတုတ္ထပတ်ထဲမှာ အိမ်ခြေ ၁,၀၀၀ (တစ်ထောင်) ခန့်ရှိတဲ့ ကျေးရွာတစ်ရွာကို အညာမြေတပ်ပေါင်းစုက ဦးစားပေးစတင် ရေဝေငှပေးခဲ့ပြီး ကုန်ကျစရိတ် ကြီးမားလွန်းသဖြင့် ကျေးရွာအားလုံးကို ပံ့ပိုးပေးနိုင်ရန် ခက်ခဲနေကြောင်း ဆက်လက်ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ အညာမြေတပ်ပေါင်းစုက ရေပေးဝေနေသည့် ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပြီး တပ်ပေါင်းစုအနေဖြင့် ရေရှားပါးနေတဲ့ ကျေးရွာတွေကို ဆက်လက်ကူညီပေးသွားရန် ရည်ရွယ်ထားပေမယ့် လက်ရှိမှာ ငွေကြေးအခက်အခဲရှိနေတာကြောင့် ရေအလှူရှင်တွေကို ပံ့ပိုးကူညီပေးရန် ဖိတ်ခေါ်ထားပါတယ်။
“သောက်သုံးရေအခက်အခဲတွေ ဖြစ်နေတာ၊ တော်တော်ကို ခက်ခဲနေကြတာ။ အမှန်တိုင်းပြောရင် ကျွန်တော်တို့မှာလည်း ဘတ်ဂျတ်မရှိဘူး။ မရှိရှိတဲ့ဘတ်ဂျတ်လေးနဲ့ ကျေးရွာတွေကို တတ်နိုင်သလောက် ရေပေးဝေမှပဲ ရေဘေးဒုက္ခ နည်းနည်းလေး သက်သာမှာ။ လုံးဝပြေငြိမ်းသွားတာမျိုး မဟုတ်ဘူး၊ တစ်ဖက်တစ်လမ်းကနေ ကူညီမှဖြစ်မယ်ဆိုပြီး ကူညီရခြင်းဖြစ်ပါတယ်” လို့ ကိုဘိုဘိုသန့်ဇင်က CJ Platform ကို ပြောပါတယ်။
ရေရှားပါးမှုကြောင့် ဒေသခံတွေဟာ အဝေးရှိ ရေအရင်းအမြစ်များသို့ ဆိုင်ကယ်တွေနဲ့ သွားရောက်သယ်ယူနေကြရပြီး နေ့လယ်ပိုင်းအပူချိန် မြင့်မားနေခြင်းတို့ကြောင့် အပူရှပ်ခြင်း၊ ဖျားနာခြင်းတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် ရေဝေငှရာမှာလည်း လူစုလူဝေးဖြစ်ပေါ်ပါက စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်ရသဖြင့် အထူးဂရုစိုက် လုပ်ဆောင်နေရကြောင်း သိရပါတယ်။
ဓာတ်ပုံ – ဘိုဘိုသန့်ဇင်
