ဝက်လက်မှာ ကလေးငယ်တွေ တက်ရောက် စာသင်နေတဲ့ စာသင်ကျောင်းကို စစ်အုပ်စုက အသေခံဒရုန်းနဲ့ ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စာသင်ကျောင်းတစ်ကျောင်းကို စစ်အုပ်စုက ဒီကနေ့ ဧပြီလ ၂၃ ရက် နံနက်ပိုင်းမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာမတစ်ဦးအပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နံနက် ၁၁ နာရီခန့်မှာ စစ်အုပ်စုက မုဆိုးခြုံရွာရှိ စာသင်ကျောင်းကို အသေခံဒရုန်း ၃ စင်းကိုသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အခုလို ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အမျိုးသမီးတစ်ယောက်မှန်တာက ချက်ချင်းသေတာမဟုတ်ဘဲ နာရီပိုင်းအကြာမှာ ဆုံးသွားတာ။ ဗုံးချနေတဲ့တန်းလန်း ကျောင်းသားတွေက ထွက်ပြေးတာ၊ အဲဒီမှာ အစတွေနင်းမိပြီး ဒဏ်ရာတွေရကြတာများတယ်။ ဖိနပ်တွေ တန်းလန်းလေးတွေဗျ စာသင်ကျောင်းထဲမှာ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူတွေအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ဝက်လက်မြို့နယ်အတွင်းမှာ နေရာအနှံ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ မြင့်တက်လျက်ရှိနေပြီး ဧပြီလ ၁ ရက်နေ့မှာ စစ်အုပ်စုက ဝက်လက်မြို့နယ်၊ မင်းကုန်းကြီးရွာက ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၁ စီးနဲ့ နှစ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Wetlet Informational Network ရဲ့ ဖော်ပြချက်တွေအရ ဝက်လက်မြို့နယ်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၈ ဦး သေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
