စစ်ကိုင်းတွင် လူငယ် ၂၀၀ ခန့်ကို စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီး၊ စစ်မှုထမ်းဟောင်းများ နေရာ အစားထိုးရန်ဖြစ်ဟုဆို

Author CJ Platform
Categories
Published on Apr 23, 2026

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ပြည်သူ့စစ်မှုထမ်း သက်တမ်းပြည့်သွားတဲ့ သူတွေနေရာမှာ  အစားထိုးလဲလှယ်ဖို့အတွက် စစ်အုပ်စုက သုံးရက်တာအတွင်း လူငယ် ၂၀၀ ခန့် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေတာတွေ ရှိတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်ကနေ မနေ့ ဧပြီ ၂၂ ရက်အထိ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ စစ်အုပ်စုတပ်သားနဲ့ ပျူစောထီးပူးပေါင်းတပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ပေါ်တာတွေ ထပ်ဆွဲပြီး စမထ အသစ်တွေထည့်ပြီး တာဝန်ထမ်းဆောင်နေတဲ့ စမထတွေ နှစ်နှစ်ပြည့်အနားပေးမယ် ကြားတယ်။ ခွင့်ပြန်နဲ့ ပြန်လာမယ့်ကောင်တွေနဲ့ လက်ရှိ စမထ နေတဲ့ကောင်တွေဆီက သတင်းထွက်လာတယ်။ လက်ရှိလည်း နှစ်နှစ်ပြည့်ခွင့်ပြန်ဆိုပြီး ရှေ့တန်းက ပြန်ရောက်လာတဲ့ ပစတွေ နေအိမ်ပြန်ရောက်တာတွေ ရှိနေတယ်” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အခုလို စစ်အုပ်စုက နေ့စဉ်လိုလို မြို့ပေါ်ရပ်ကွက်တချို့နဲ့ လူစည်ကားရာ ဈေးတွေမှာ ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် မြို့ခံလူငယ်တွေအနေနဲ့ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှာကို စိုးရိမ်မှုတွေနဲ့ မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ဒေသခံလူငယ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

“ပြီးခဲ့တဲ့ရက်တွေက သုံးရက်လောက်ဆက်တိုက် ပတ်ဆွဲနေတာပဲ လှုပ်ကိုမလှုပ်ရဲဘူး၊ မြို့ပေါ်နေရတာကတော့ အခြေအနေမကောင်းဘူး၊ ဂရုစိုက်နေရတယ်။ တစ်နေ့က ဧပြီ ၂၀ ရက်မှာ စက်ဘီးနဲ့သွားတာ ကိုယ်တွေမပါလို့ ကံကောင်း၊ ကိုယ့်ရှေ့မှာတင်” လို့ အသက် ၁၆ နှစ်အရွယ် စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက ဒီကနေ့ ဧပြီ ၂၃ ရက်မှာ CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်ကနေ ဧပြီ ၂၂ ရက်အထိ သုံးရက်တာအတွင်းမှာ မြို့ပေါ်ရပ်ကွက်တချို့နဲ့ လူစည်ကားရာဈေးတွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ကားတွေနဲ့လှည့်လည်ကာ လမ်းသွားလမ်းလာလူငယ် ၁၈၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ အများအားဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်တွေဖြစ်ကြပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတားပေါ်မှာလည်း မကြာခဏ ဖမ်းဆီးစစ်ဆေးတာ၊ ငွေတောင်းခံတာတွေ ပြုလုပ်တယ်လို့လည်း သိရပါတယ်။

 

စစ်အုပ်စုဟာ အခုလို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကနေ ဧပြီ ၆ ရက်အတွင်းမှာ လမ်းသွားလမ်းလာနဲ့ မြို့ပေါ်က အလုပ်သမား အမျိုးသား ၈၀ ခန့်ကို ဖမ်းဆီးခဲ့တာ ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ဖေဖော်ဝါရီအတွင်းမှာလည်း လေးရက်ဆက်တိုက် ဖေဖော်ဝါရီလ ၂၅ ရက်ကနေ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်တာ၊ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ဖမ်းဆီးတာတွေ ရှိခဲ့တာကြောင့် အမျိုးသားလူငယ် ၂၀၀ ခန့် ဖမ်းဆီးခံရပြီး စစ်ကိုင်း တပ်မ ၃၃ မှတစ်ဆင့် မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ကို ပို့ဆောင်ခြင်းခံခဲ့ရပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC

 

Related News

Depend on news