ရန်ကုန်မှာ တစ်ရက်လျှက် နာရီ ၂၀  လျှပ်စစ်မီး ပေးမယ်လို့ စစ်အုပ်စု ဝန်ကြီးပြော

Author CJ Platform
Categories
Published on Apr 23, 2026

၄ နာရီလာ ၄ နာရီပျက် လျှပ်စစ်မီးပေးစနစ်ကို ပုံမှန်မပေးနိုင်တဲ့ လျှပ်စစ်ဝန်ကြီးဌာနက ရန်ကုန်မှာ မတ်လ ၂၃ ရက်ကစပြီး လျှပ်စစ်မီးကို တစ်ရက် နာရီ ၂၀ ပေးသွားမယ်လို့ စစ်အုပ်စုခန့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

 

ဧပြီလ ၂၂ ရက် မနက်ပိုင်းက နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် ၂၇ မှာ ပြုလုပ်တဲ့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီး ဦးကိုကိုလွင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

“နိုင်ငံတော်သမ္မတရဲ့ ရက် ၁၀၀ စီမံချက်အတွင်း ပြည်သူများ လျှပ်စစ်သုံးစွဲမှု ယခုထက် ပိုမိုအဆင်ပြေစေရန် ရန်ကုန်တိုင်းအတွင်း ၁၆ နာရီမှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေရာမှ ၁၈ နာရီမှ နာရီ ၂၀ အထိ မတ်လ ၂၃ ရက်ကစပြီး တိုးမြှင့်ပေးသွားမှာဖြစ်တယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

ရွှေပေါက်ကံစက်မှုဇုန်၊ ဇေကမ္ဘာစက်မှုဇုန်နဲ့နီးတဲ့ ရပ်ကွက်များတွင် EPC က ၄ နာရီ ပုံမှန်မီးပေးရမည့်အစား ၁ နာရီ၊ ၂ နာရီသာ မီးပေးပြီး ကျန်နာရီများကို စက်ရုံများသို့ ရောင်းစားကြောင်း ရွှေပေါက်ကံစက်မှုဇုန်အနီး နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စက်မှုဇုန်နဲ့နီးတဲ့ ရပ်ကွက်တွေဆို EPC က ပျက်ချိန်တော့မှန်တယ်၊ မီးလာချိန်ကျတော့ ၄ နာရီမှာ ၂ နာရီပဲလာတယ်။ ကျန်တဲ့ ၂ နာရီက စက်ရုံတွေကို ရောင်းစားတာ။ ညဘက်ဆိုလည်း မီးက ဟန်ပြပဲလာတာ။ တစ်နေ့ ၁၈ နာရီ ဘယ်လိုပေးလဲဆိုတာ စဉ်းစားလို့မရဘူး” လို့ ပြောပါတယ်။

 

လျှပ်စစ်မီးပေးစနစ် ပုံမှန်မရှိသလို မီးပျက်ချိန်တွင်လည်း EPC ဝန်ထမ်းများကို ခေါ်ယူလို့မရပေမယ့် မီတာဘေလ်တွေကိုတော့ လစဉ်မပျက်မကွက် လာကောက်တယ်လို့ မရမ်းကုန်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မီးကြိုးပျက်ကျလို့ EPC ကို ဖုန်းဆက်တယ်၊ လာမပြင်ဘူး။ မီးလာတဲ့အချိန်ဆို မီးကိုဖြတ်ပြီး လာပြင်တယ်။ မီးသာ ပုံမှန်မလာတာ မီတာခကတော့ လစဉ်ပုံမှန် လာကောက်တာ။ မီတာဘေလ်ကြည့်ရင် သွေးတက်ပြီး သေသွားနိုင်တယ်။ မီးပုံမှန်ရနေပါတယ်ဆိုတဲ့ ဝန်ကြီးကို ရပ်ကွက်ထဲ ကွင်းဆင်းခိုင်းလိုက်၊ ဒါမှ မီးလာမလာ သိရမှာ” လို့ ပြောပါတယ်။

 

နိုင်ငံတော်က စေတနာထား၍ လျှပ်စစ်မီးကို ပိုမိုရရှိအောင် လုပ်ဆောင်ပေးချိန်တွင် ပြည်သူများအနေနဲ့ လျှပ်စစ်ကို စနစ်တကျ စိစစ်သုံးစွဲသင့်ပြီး မလိုအပ်ဘဲ မသုံးစွဲကြဖို့ စစ်ကောင်စီခန့် ဝန်ကြီးက အဆိုပါအစည်းအဝေးမှာ ပြောပါတယ်။

 

ရန်ကုန်နည်းတူ မန္တလေးတိုင်းအတွင်း ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ တိုးမြှင့်၍လည်းကောင်း၊ ပြည်နဲ့ တိုင်းတွေအတွက် ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူးပေးသွားမယ်လို့ ပြောပါတယ်။