လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ ဖိနှိပ်ခံရမှု ဆိုးဝါးလာနေချိန် စစ်အုပ်စုရဲ့ ရက် ၁၀၀ စီမံချက်မှာ အလုပ်အကိုင်နဲ့ အလုပ်သမားအရေးကိစ္စရပ်တွေအတွက် ဦးစားပေးခြင်းမရှိ
စစ်အုပ်စုရဲ့ အသွင်ပြောင်းအစိုးရက ဦးစားပေးလုပ်ဆောင်မယ်ဆိုတဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ အလုပ်အကိုင်နဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေကို ထည့်သွင်းထားတာ မရှိတဲ့အတွက် အဲဒီကဏ္ဍအပေါ် အလေးထားမှုမရှိကြောင်း ပေါ်လွင်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ်ခံယူပြီး ရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို ဧပြီလ ၂၀ ရက်မှာ လေလုံးပစ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး၊ လူမှုစီးပွား၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ ကဏ္ဍတွေမှာ လုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ပြောသွားတာဖြစ်ပြီး အလုပ်သမားရေးရာကဏ္ဍကိုတော့ ဦးစားပေးလုပ်မယ့် လုပ်ငန်းစဉ်တွေထဲမှာ ထည့်သွင်းထားတာ မတွေ့ရပါဘူး။
စစ်ခေါင်းဆောင်ရဲ့ အသွင်ပြောင်းအစိုးရအနေနဲ့ လက်တွေ့ဖြစ်ဖို့မသေချာတဲ့ ရည်မှန်းချက်တွေထဲမှာ အလုပ်သမားရေးရာကဏ္ဍကို ချန်လှပ်ထားတာကြောင့် အလုပ်သမားတွေအပေါ် အလေးထားမှုမရှိဘူးဆိုတဲ့သဘော သက်ရောက်တယ်လို့ အထည်ချုပ်လုပ်သားသမဂ္ဂခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
“လေနဲ့တောင် ဘာလုပ်ပေးမယ်ဆိုပြီး မပြောနိုင်တာ၊ သူတို့ဆီက ကိုယ်တွေအလုပ်သမားတွေ ဘာမှမျှော်လင့်နေလို့မရဘူးဆိုတာ အသိသာကြီးပဲ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် အလုပ်သမားရေးရာ ကိစ္စရပ်တွေကို အလေးမထားဘဲ ဖိနှိပ်ချုပ်ချယ်မှုတွေကို တစ်စိုက်မတ်မတ် လုပ်ခဲ့တာကြောင့် အသွင်ပြောင်းအစိုးရဆီက စိတ်စေတနာမှန်ရဖို့ မဖြစ်နိုင်ဘူးလို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားနေသူတစ်ဦးက ဆိုပါတယ်။
“အလုပ်သမားတွေရဲ့ လူမှုဘဝအဆင်ပြေအောင် လုပ်ပေးချင်တဲ့ စိတ်ဆန္ဒမရှိဘူးဆိုတာ ပေါ်လွင်တယ်။ ထပ်ပြီးဖိနှိပ်မှာပဲ စိုးရိမ်ရမလို ဖြစ်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းက အလုပ်သမားတွေအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လုပ်ခနည်းပါးမှုတွေကြောင့် ခက်ခက်ခဲခဲ ရုန်းကန်ရပ်တည်နေရပြီး လုပ်ငန်းခွင်မှာ လုပ်အားအမြတ်ထုတ်ခံရတာ၊ လုပ်ငန်းခွင်အတွင်း အခွင့်အရေးချိုးဖောက်တာတွေကို ဆိုးရွားစွာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အာဏာသိမ်းကာလတစ်လျှောက်မှာ အခုလိုဖြစ်ပေါ်ကြုံတွေ့နေရတာကို စစ်အုပ်စုက ဖြေရှင်းဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့သလို ထပ်ပြီး လျစ်လျူရှုခံရမယ့် အနေအထား တွေ့နေရတယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။
စစ်အုပ်စုအနေနဲ့ အလုပ်သမားအရေးကိစ္စရပ်ကို အရေးတယူ ဖြေရှင်းဆောင်ရွက်ပေးဖို့ ဆန္ဒနည်းပါးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်တာမှာ အလုပ်သမားဝန်ကြီး ၅ ဦးအထိ ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
လက်ရှိမှာလည်း လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုးကို အလုပ်သမားဝန်ကြီးအဖြစ် ခန့်ထားခဲ့ပြီး အရင်အလုပ်သမားဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်သန်းကို ဒုဝန်ကြီး ခန့်ထားပါတယ်။
ပုံစာ – အလုပ်သမားအချို့ အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်နေပုံ (ပုံဟောင်း)
