အရာတော်မှာ စစ်ရှောင်ပြည်သူအချို့ ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ကလေးငယ်တစ်ဦး သေဆုံး

Author CJ Platform
Categories
Published on Apr 22, 2026

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ရှောင်ပြည်သူအချို့ ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး မနေ့ ဧပြီ ၂၁ရက်နေ့ ညပိုင်းမှာ ဝမ်းလျှောရောဂါကြောင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဝမ်းလျှောရောဂါ ဖြစ်ပွားနေတဲ့ စစ်ရှောင်သူတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တဲ့ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်လာခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

“စစ်ပွဲဖြစ်ပွားခဲ့ရာ အနီးကကျေးရွာမှာ မနေ့ညက အော့အန်ဝမ်းလျှောလွန်ခြင်းနဲ့ ကလေးငယ်တစ်ဦး သေဆုံးထားပါတယ်” လို့ စစ်ရှောင်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိ စစ်ရှောင်တွေအတွင်း ဝမ်းလျှောရောဂါလို့ ယူဆရတဲ့ ကူးစက်ရောဂါဖြစ်ပွားနေမှုဟာ ကလေးငယ် ၄ဦးနဲ့ လူကြီးပိုင်းအရွယ် ၂ဦးမှာပါ တွေ့ရှိနေရပြီး စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးနေမှုကြောင့် ဆေးဝါးမလုံလောက်တာ အချိန်မီ ဆေးကုသဖို့ ခက်ခဲနေတာတွေကိုပါ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

 

“နယ်ခံ သူနာပြုဆရာမတစ်ဦးတော့ ရှိပေမယ့် သူလည်း စစ်ရှောင်နေရပြီး ဆေးဝါးဝယ်ယူနိုင်ဖို့ လမ်းအခက်အခဲတော့ ရှိနေပါတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အခုလို ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်ပွားနေရတဲ့ အကြောင်းရင်းကိုတော့ မသိရရှိသေးဘဲ၊ နေရှိန်ပူပြင်းတာ၊ လုံခြုံတဲ့ နေရာထိုင်ခင်းတွေ မရရှိတာနဲ့ သောက်သုံးရေ လိုအပ်ချက်တွေလည်း ရှိနေတာကြောင့် စစ်ရှောင်အားလုံး ရောဂါ မကူးစက်ဖို့အရေး စိုးရိမ်နေရတယ်လို့ သိရပါတယ်။

 

အရာတော်မြို့နယ်မှာ ပြည်သူ့စစ်အားကောင်းတဲ့ သလဲဘာ၊ စပါးတွင်းနဲ့ ငွေတွင်းရွာတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလအတွင်းမှာ စီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ၊ စစ်အုပ်စုက လက်နက်ကြီးအပြင် လေကြောင်းသုံးတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။

 

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဧပြီ ၁၈ ရက်နေ့က ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မဟာသင်္ကြန်တွင်းကာလဖြစ်တဲ့ ဧပြီ ၁၃ ရက်ကနေ နှစ်ဆန်းတစ်ရက်အထိ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀၀ ကျော်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၁၅ ကြိမ် လုပ်ခဲ့တယ်လို့ သိရပါတယ်။