ငြိမ်းချမ်းရေးလိုချင်တယ်လို့ မင်းအောင်လှိုင်ပြော၊ စစ်အစိုးရရဲ့ ရက် ၁၀၀ အတွင်း အလင်းဝင်ဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရမယ်လို့ဆို

Author CJ Platform
Categories
Published on Apr 21, 2026

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေအနေနဲ့ စစ်အစိုးရရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေအနေနဲ့ လက်နက်ချအလင်းဝင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အစိုးရရဲ့ ရက် ၁၀၀ လမ်းညွှန်းချက်မှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။

 

မနေ့ ဧပြီ ၂၀ ရက် နေပြည်တော်အစည်းအဝေးမှာ မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပြီး စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းကို ဧပြီ ၂၀ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်အထိ သတ်မှတ်တယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) လက်မှတ်ရေးထိုးတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့အပါအဝင် အခြား EAOs အဖွဲ့တွေကို မင်းအောင်လှိုင်က ရက်ပေါင်း ၁၀၀ အတွင်း တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်။ အဲဒီတော့ ကျွန်တော် နှစ်ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဒါ လက်မှတ်မရေးထိုးထားတဲ့အဖွဲ့ပေါ့” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

 

ကျွန်တော်တို့လည်း ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့ ပြောဆိုခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်တဲ့အခါ ဖြစ်နိုင်တာတွေကိုသာ တောင်းဆိုဖို့ ပြောဆိုထားပြီး အဲဒီလိုမဟုတ်ပါက လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်သွားရလိမ့်မယ်လို့ မင်းအောင်လှိုင်က ခြိမ်းခြောက်စကားကို ထည့်သွင်းပြောဆိုပါတယ်။

 

“ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

 

EAOs အဖွဲ့တွေအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး KNU နဲ့ CNF တာဝန်ရှိသူတွေကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ABSDF ပြောရေးဆိုခွင့်ရှိသူ ကိုကျော်လင်းကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ABSDF အနေနဲ့ တရားဝင် စာထုတ်ပြန်သွားမယ်လို့ CJ Platform ကို ပြန်လည်ဖြေဆိုထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC