ဟုမ္မလင်းမှာ ဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲရာမှ တစ်ဦးသေ ၂ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းရပ်ကွက် မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းမှာ ဧပြီလ ၂၀ ရက် ညနေ ၆ နာရီက ဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲခဲ့ရာ အမျိုးသား တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မနေ့ညနေ ၆ နာရီက ဆိပ်ကမ်းမှာ လောင်စာဆီသင်္ဘော ဆီပေပါကနေ စက်လှေကို ဆီဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆီတင်သင်္ဘောများ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆီပေပါကနေ ဆီဖြည့်ရင်း မီးလောင်တာလို့ ပြောနေကြတယ်။ ဆီတင်သင်္ဘော မီးလောင်တာဆိုတော့ မီးက အတော်နဲ့မငြိမ်းဘူး၊ ၄ နာရီနီးပါး ကြာတယ်။ ကနဦးသိရသလောက် စက်လှေပေါ်က လူတစ်ယောက်သေတယ်၊ သင်္ဘောဘယ်နှစ်စီး မီးထဲပါသွားလဲတော့ မသိဘူး” လို့ ပြောပါတယ်။
မီးလောင်မှုကို ဟုမ္မလင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄ စီးနဲ့ ဒေသခံများနဲ့ ပူးပေါင်းကာ ၃ နာရီကျော်အောင် မီးငြှိမ်းသတ်ခဲ့ရပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“ဘယ်ကစလောင်လဲဆိုတာ အတိအကျပြောလို့မရဘူး။ မီးလောင်မှုမှာ စက်လှေပေါ်က အမျိုးသားတစ်ယောက်သေတယ်၊ နှစ်ယောက်ဒဏ်ရာရတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက တွက်ချက်နေတုန်းပဲ ရှိသေးတယ်” လို့ ပြောပါတယ်။
မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းမီးလောင်မှုတွင် ဆီတင်သင်္ဘော ၁၅ စီးနဲ့ ကား ၂ စီး မီးထဲပါသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ သိန်းထောင်ချီတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ရှိ ခိုပဲဝဆိပ်ကမ်းမှာ ဆီတင်စက်လှေသုံးစီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
