သင်္ကြန်ပိတ်ရက်အပြီး ပြည်ပထွက်ခွင့်တင်ထားတဲ့ အလုပ်သမား ၄၀ နီးပါး ထွက်ခွင့်မရ
သင်္ကြန်ရက်အပြီးမှာ ပြည်ပထွက်ခွင့်တင်ထားတဲ့ အလုပ်သမား ၄၀ နီးပါးကို လိုအပ်ချက်ရှိလို့ဆိုပြီး ထွက်ခွာခွင့်စိစစ်ရေးအဖွဲ့က ထွက်ခွင့်ချမပေးဘဲ ပယ်ချထားပါတယ်။
အဲဒီအလုပ်သမားတွေက ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး ခွင့်နဲ့ပြန်ရောက်နေခဲ့တာကနေ လုပ်ငန်းခွင်ရှိတဲ့နိုင်ငံဆီ ပြန်သွားဖို့အတွက် စစ်အုပ်စု အလုပ်သမားဝန်ကြီးဌာနဆီ ထွက်ခွာခွင့်တင်ရတာ ဖြစ်ပါတယ်။
ထွက်ခွာခွင့် တင်ပြတာနဲ့ပတ်သက်လို့ ပြည်ပအလုပ်အကိုင်၊ အလုပ်သမားသက်သေခံကတ် (OWIC) မှာပါတဲ့ အလုပ်ရှင်နာမည်နဲ့ ခွင့်စာမှာပါတဲ့ အလုပ်ရှင်မတူလို့ဆိုပြီး ခွင့်ပြန်အလုပ်သမား ၃၇ ဦးမှာ ထွက်ခွာခွင့် ငြင်းဆိုခံထားရတာ ဖြစ်ပါတယ်။
ပြည်ပထွက်ခွာခွင့် မရရှိသေးတဲ့ စင်ကာပူနိုင်ငံမှ ခွင့်ပြန်အလုပ်သမားတစ်ယောက်က “ဟိုမှာပထမအလုပ်က အဆင်မပြေလို့ နောက်အလုပ်ပြောင်းထားတာ။ အဲဒါကြောင့် အလုပ်ရှင်မတူတာပါ” လို့ ပြောပါတယ်။
ပြည်ပသွား အလုပ်လုပ်မယ့်သူတွေအနေနဲ့ သွားရောက်လုပ်ကိုင်မယ့် နိုင်ငံ၊ ကုမ္ပဏီနဲ့ လုပ်ငန်းရှင်နာမည်တို့ တင်ပြကာ OWIC ကတ် အရင်ဆုံးလုပ်ရတာဖြစ်ပြီး ဗီဇာသက်တမ်းမကုန်ခင် တခြားအလုပ်ပြောင်းရွှေ့ကြတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ခွင့်နဲ့အလည်ပြန်လာပြီး ပြန်ထွက်ဖို့ တင်ပြချိန်မှာ အလုပ်ရှင်နဲ့ ကုမ္ပဏီနာမည်မတူတဲ့အတွက် ခွင့်ပြုချက်မရဘဲ အခက်တွေ့စရာကြုံနေရတာ ဖြစ်ပါတယ်။
ဒီလို ထွက်ခွာခွင့် ငြင်းပယ်ခံရသူတွေကို အချက်အလက်အပြည့်အစုံနဲ့ ပြန်တင်ပြခိုင်းထားတာဖြစ်ပြီး ကွဲလွဲရတဲ့ အကြောင်းအရင်း ထည့်သွင်းဖော်ပြပေးရမယ့်သဘောမှာ ရှိတယ်လို့ ခွင့်ပြန်အလုပ်သမားတွေက ပြောပါတယ်။
ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ ပြည်ပထွက်ခွာခွင့်ကို သွားရောက်မယ့်ရက်မတိုင်ခင် ၅ ရက် ကြိုတင်ရတာဖြစ်ပြီး လေယာဉ်လက်မှတ်ကိုပါ ထည့်သွင်းတင်ပြခိုင်းထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ထွက်ခွာခွင့်ငြင်းပယ်ခံရရင် အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ နှောင့်နှေးကြန့်ကြာရသလို လေယာဉ်လက်မှတ်ခ ဆုံးရှုံးနစ်နာမှုတွေပါ ရှိလာရတယ်လို့ ပြည်ပထွက်ခွင့် ကိုယ်စားတင်ပေးနေသူတစ်ယောက်က ဆိုပါတယ်။
“အလုပ်သမားတွေက ဘယ်လိုဖြစ်နေလဲဆိုရင် ခွင့်ပြုချက်တင်လိုက်ပြီဆို အကြောင်းတစ်ခုခုနဲ့ ပယ်ချလိုက်မှာကို စိတ်ပူနေရောပဲ” လို့ ပြောပါတယ်။
အခုလို ကုမ္ပဏီနဲ့ အလုပ်ရှင်နာမည်မတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပထွက်ခွာခွင့်ပယ်ချတာကို ဧပြီလဆန်းကစကာ သတ်မှတ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး သင်္ကြန်မတိုင်မီ ရက်ပိုင်းအလိုကလည်း ခွင့်ပြန်အလုပ်သမား ၁၀၀ ကျော် ထွက်ခွင့်မရခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုအနေနဲ့ အခုနှစ်ဆန်းကစပြီး ခွင့်ပြန်အလုပ်သမားတွေကို ထွက်ခွာခွင့်ပြုတဲ့စာရင်းပါမှ လေဆိပ်ကနေ ထွက်လို့ရမယ်လို့ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
