စစ်အုပ်စုက မင်းလက်ပံရွာထဲကို မီးလောင်ဗုံးများ ဆက်တိုက်ကြဲချ၊ အုန်းတောပိုင်းရှိ နေအိမ်များ မီးလောင်
ကရင်ပြည်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်အုပ်စုစစ်ကြောင်းက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးမှုတွေရှိနေပြီး ဒီကနေ့ ဧပြီ ၁၈ ရက်မှာလည်း စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
စစ်အုပ်စုက ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် မင်းလက်ပံ၊ အုန်းတောရွာထိပ်ပိုင်းက နေအိမ် ၄ လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
“မီးတွေလောင်နေတာက အုန်းတောပိုင်းဘက်မှာပါ။ ဒီဘက်မှာ စကစနဲ့ ဒီက အဖွဲ့အစည်းနဲ့ တိုက်ပွဲအမြဲဖြစ်၊ စကစက နေ့တိုင်းဝင်တိုးနေတာ မရဘူးဖြစ်နေတာ။ အဲဒီလိုမျိုး သူတို့ဝင်တိုးမရတော့ ရွာထဲ မီးလောင်ဗုံးတွေ လာလာချတာ၊ အခုလောင်တာတော့ တစ်လုံးပဲချ လောင်တာပဲ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
မြဝတီမြို့နယ်၊ မင်းလက်ပံရွာနဲ့ ဖလူးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့မှာ မင်းလက်ပံရွာထဲကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာဖြစ်ပါတယ်။
“မင်းလက်ပံကိုမှ ရွာထဲနဲ့ အုန်းတောပိုင်း နှစ်ပိုင်းပေါ့၊ အခုလောင်နေတာက အုန်းတောပိုင်းမှာပါ။ အုန်းတောပိုင်းမှာ တိုက်ပွဲတွေအတွင်းကို ဒရုန်းနဲ့ မီးလောင်ဗုံးတွေနဲ့ချတာ အလုံး ၃၀ လောက်ရှိပြီ” လို့ မင်းလက်ပံဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုရဲ့ ထိုးစစ်ဆင်ဝင်ရောက်လာမှုနဲ့ ထိတွေ့တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြောင့် ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂ လဝန်းကျင်ခန့်ကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့) မွန်းတည့်ချိန်မှာလည်း ကရင်ပြည်၊ မြဝတီမြို့၊ မင်းလက်ပံကျေးရွာ အုန်းတောလမ်းပိုင်းကို စစ်အုပ်စုက ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချခဲ့တာကြောင့် မိခင်ဖြစ်သူနဲ့ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ၂ ဦး သေဆုံးပြီး အိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – CJ
