သထုံမြို့နယ် ယာဉ်တိုက်မှုတွင် ပျံလွန်တော်မူသွားတဲ့ သံဃာ ၉ ပါးနဲ့ လူ ၄ ဦးကို သင်္ဂြိုဟ်
ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၄/၅) မှာ ဧပြီ ၁၈ ရက်က ယာဉ်တိုက်မှုကြောင့် ပျံလွန်တော်မူသွားတဲ့ သံဃာ ၉ ပါးနဲ့ လူ ၄ ဦးကို ဒီနေ့ သထုံမြို့နယ် ပေါ်တော်မူကျေးရွာ ကျောက်တန်းသုဿာန်မှာ သင်္ဂြိုဟ်သွားမှာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပျံလွန်တော်မူသွားတဲ့ သံဃာ ၈ ပါးနဲ့ ကိုရင် ၁ ပါးမှာ သထုံမြို့နယ် ပေါ်တော်မူကျေးရွာနေသူတွေဖြစ်ပြီး လူပုဂ္ဂိုလ် ၄ ယောက်မှာ အသက် ၆၀ အရွယ် နှစ်ဦးနဲ့ အသက် ၁၇ နဲ့ အသက် ၁၈ အရွယ် နှစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဘုရားဖူးပြီးအပြန်ဖြစ်တာ၊ ဘဝဆက်တိုင်း အခုလို အဖြစ်မျိုး မကြုံပါစေနဲ့လို့ ဆုတောင်းတယ်။ ပျံလွန်တော်မူတဲ့အထဲမှာ အသက် ၈ နှစ်အရွယ် ကိုရင်လေးတစ်ပါးပါတယ်။ ဒီနေ့ မနက် ၁၀ နာရီ ကျောက်တန်းသုဿာန်မှာ သင်္ဂြိုဟ်တယ်” လို့ ပြောပါတယ်။
ပျံလွန်တော်မူတဲ့ သံဃာများမှာ ဦးတေဇဝန္တ၊ ဦးပညာဇောတ၊ ဦးဣန္ဒာစာရ၊ ဦးစန္ဒိမာ၊ ဦးဝိသာလ၊ ဦးဣန္ဒက၊ ဦးဉာဏိန္ဒ၊ ဦးကေတုနဲ့ ရှင်နန္ဒိယတို့ဖြစ်ပြီး သေဆုံးသွားသူများမှာ ဦးစောအောင်၊ ဦးမြင့်အောင်၊ မောင်ဟိန်းထက်စိုးနဲ့ မောင်အောင်အောင်တို့ ဖြစ်ပါတယ်။
ဧပြီလ ၁၈ ရက် ညနေ ၄ နာရီခွဲက ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၄/၅) မှာ ရွှေလရောင် မန္တလာ ခရီးသည်တင်ယာဉ်နဲ့ ဘုရားဖူး Hijet ယာဉ်တစ်စီး တိုက်မိရာမှ ယာဉ်ပေါ်ပါ ၁၉ ဦးအနက် သံဃာ ၉ ပါး ပျံလွန်တော်မူပြီး လူပုဂ္ဂိုလ် ၄ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဖြစ်တဲ့နေ့က အခင်းဖြစ်တဲ့နေရာမှာ သံဃာတော် ၆ ပါးနဲ့ လူ ၃ ဦး သေတယ်။ ၁၉ ရက်နေ့ သံဃာ ၃ ပါးနဲ့ လူ ၁ ယောက် ထပ်သေတယ်။ ဒဏ်ရာရတဲ့သူတွေတော့ သထုံဆေးရုံကြီးမှာ ကုသမှုခံယူနေတုန်းပဲ” လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ ရွှေလရောင် မန္တလာ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူကို သထုံမြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
