မြန်မာ့မီးရထားရဲ့ နည်းစနစ်အားနည်းချက်ကြောင့် အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူသူများ ငွေဆုံးရှုံးမှုရှိနေ
စစ်အုပ်စုက မီးရထားလက်မှတ်ကို အွန်လိုင်းက ဝယ်ယူစီးနင်းနိုင်တဲ့ စနစ်ကို မိတ်ဆက်ခဲ့ပေမယ့် နည်းပညာချို့ယွင်းမှုကြောင့် လက်မှတ်ဝယ်သူတွေ ပေးသွင်းငွေ ဆုံးရှုံးရပြီး ခရီးသွားလာရာမှာ နှောင့်နှေးရတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ခရီးစဉ်တစ်ခုကို ၇ ရက် ကြိုတင်၍ ORTP စနစ်ဖြင့် အွန်လိုင်းကနေ ရထားလက်မှတ်ကို ဝယ်ရပြီး မီးရထားဘက်က လက်မှတ်ဖိုးငွေသွင်းပြီးကြောင်း e-ticket ပြန်ပေးပေမယ့် နည်းပညာမှားယွင်းမှုကြောင့် e-ticket မရသည့်အခါ ပေးသွင်းငွေဆုံးရှုံးရတယ်လို့ နေပြည်တော်ကို ခရီးသွားခဲ့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရန်ကုန်-နေပြည်တော်ဆို ၇ ရက် ကြိုတင်ပြီး အွန်လိုင်းဘိုကင်တင်ရတယ်၊ ကြားဘူတာဆို ၃ ရက်၊ အဲဒီလို ဘိုကင်တင်ပြီး မီးရထားဘက်က ငွေပေးသွင်းပြီးကြောင်း e-ticket ပြန်ပေးတယ်။ တစ်ခါတလေ e-ticket ပြန်မရရင် ကိုယ့်ငွေဆုံးရော။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး၊ အဲဒီလိုဖြစ်တဲ့သူတွေမှ အများကြီးပဲ” လို့ ပြောပါတယ်။
အွန်လိုင်းကနေ မီးရထားလက်မှတ်ကို ၇ ရက် သို့မဟုတ် ၃ ရက် ကြိုတင်ဝယ်ရသလို ငွေပေးသွင်းပြီးကြောင်း e-ticket ရပြီးရင်လည်း ဘူတာတွင် e-ticket ကို လက်မှတ်နဲ့ လဲလှယ်ရန် တစ်ရက်ကြိုသွားရ၍ အလုပ်ပိုရှုပ်ကြောင်း မန္တလေးကို ခရီးသွားခဲ့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အွန်လိုင်းကနေ မီးရထားလက်မှတ်ဝယ်ရတာ ပိုပြီး အလုပ်ရှုပ်တယ်။ ခရီးတစ်ခါသွားဖို့ တစ်ပတ်လောက် အချိန်ပေးရတယ်။ အေးအေးလူလူနဲ့ သွားမယ့်သူတွေဆိုရင်တော့ ပြဿနာမရှိဘူး၊ အရေးပေါ်သွားမယ့်သူတွေဆို အဆင်မပြေဘူး။ လက်မှတ်ဈေးနှုန်းက ရိုးရိုးတန်းကနေ အထက်တန်း VIP အထိ အစားစားရှိတယ်။ ရိုးရိုးတန်းတောင် နှစ်သောင်းခွဲ ပေးရတယ်” လို့ ရှင်းပြပါတယ်။
စစ်အုပ်စုက အခုလို စီစဉ်လိုက်တာဟာ မီးရထားဝန်ထမ်းတွေကို လာဘ်ငွေရယူဖို့ ဖွင့်ပေးလိုက်သလိုဖြစ်ပြီး အွန်လိုင်းကမဝယ်ဘဲ ဘူတာတွင်ဝယ်ပါက လက်မှတ်ဈေးနှုန်းမှာ ၂ ဆ ပေးရပြီး မီးရထားမှာလည်း YBS နဲ့ ထူးမခြားနား စီးရတယ်လို့ မန္တလေးကနေ ရန်ကုန်ကို ပြန်လာတဲ့ ခရီးသွားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဘူတာမှာ လက်မှတ်ဝယ်ရင် ၂ သောင်းခွဲဆို ၅ သောင်း ပေးရမယ်။ ဒါတောင် အသနားခံပြီး ဝယ်ရတာနော်၊ ဝယ်ချင်တိုင်း ဝယ်မရဘူး။ အွန်လိုင်းကဝယ်ရင် တစ်ပတ်ကြာမှာဆိုတော့ ၅ သောင်းတောင်းလည်း ပေးရတာပဲ။ ရထားစီးတော့ လူရှိသလောက် အကုန်တင်တာ ခုံမဲ့တွေရော၊ ရထားစီးရတာနဲ့မတူဘူး၊ ရန်ကုန်မှာ YBS စီးနေရသလိုပဲ” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
ယခုနှစ်ကာလအတွင်း ORTP စနစ်ဖြင့် အွန်လိုင်းကနေ ရထားလက်မှတ်ကို ဝယ်ယူသူတွေ မီးရထားဘက်က e-ticket လို့ခေါ်တဲ့ ငွေသွင်းပြေစာ မပေးတာကြောင့် ငွေဆုံးရှုံးသွားတဲ့သူတွေကို မြန်မာ့မီးရထားနဲ့ ORTP Team တို့က ၇ ရက်အတွင်း ငွေပြန်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ငွေပြန်မရသူတွေလည်း ရှိပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခ ပြဿနာတွေဟာ မြန်မာနိုင်ငံအတွင်းရှိ ပို့ဆောင်ရေးလုပ်ငန်းများကိုပါ ထိခိုက်လာပြီးနောက် မတ်လ ၂၄ ရက်က စစ်ခေါင်းဆောင်က ခရီးသည်တင်ယာဉ်တွေအစား မီးရထား ပြောင်းလဲအသုံးပြုဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Northern Onestar
