လှိုင်သာယာတွင် ရခိုင်ပြည်က စစ်ဘေးရှောင်တွေကို စစ်အုပ်စုက ဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှုလုပ်ဆောင်နေ

Author CJ Platform
Categories
Published on Apr 06, 2026

ရန်ကုန်တိုင်း လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်မှာ ရခိုင်စစ်ဘေးရှောင်တွေကို စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက လူမျိုးရေးခွဲခြားကာ ဖိနှိပ်မှုတွေရှိတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

 

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၁၅ ရပ်ကွက်တွင် ရခိုင်စစ်ဘေးရှောင်တွေ ဧည့်စာရင်းတိုင်ရာ မူလနေရပ်က ထောက်ခံစာကို မဖြစ်မနေတောင်းပြီး မပေးနိုင်ပါက ငွေကြေးတောင်းခံတာ၊ ဧည့်စာရင်းရက်ကျော်ရင် ဒဏ်ကြေးပေးဆောင်ရပြီး ဆဲဆိုတာတွေလုပ်တယ်လို့ သခင်တင်လမ်းမှာနေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စစ်ဖြစ်လို့ ထွက်ပြေးလာတဲ့သူကို ထောက်ခံစာမရမကတောင်းတယ်။ တောင်းပန်တယ်မရဘူး။ တိုက်ပွဲဖြစ်လို့ ကျွန်တော်တို့တောင် အသက်လုပြီး ထွက်ပြေးလာရတာလို့ ပြောတော့ နင်တို့ရခိုင်တွေပဲ စစ်တပ်ကိုတိုက်လို့ အခုလိုဖြစ်တာဆိုပြီး စာရေးမက ပြောတယ်။ အလုပ်မအားလို့ ဧည့်စာရင်းတစ်ရက်ကျော်သွားရင် ဒဏ်ငွေ ငါးထောင်ဆောင်ရတယ်။ သူတို့ဆဲဆိုတာလည်း ခံရတယ်” လို့ ပြောပါတယ်။

 

လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၁၀ ရပ်ကွက်မှာလည်း ရခိုင်စစ်ဘေးရှောင် မိသားစုဝင်များ အလုပ်လုပ်ရန် ထောက်ခံစာယူရာတွင် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က တရားခံတစ်ဦးကို စစ်ဆေးသလို စစ်ပြီးမှ ထောက်ခံစာလုပ်ပေးတယ်လို့ ရခိုင်စစ်ဘေးရှောင်တစ်ဦးက CJ Platform ကို ​ပြောပါတယ်။

 

“မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ချင်တာတောင် ရခိုင်စစ်ဘေးရှောင်တွေဘဝက မလွယ်ဘူး။ ဆယ်အိမ်မှူးက ထောက်ခံပေးမှ အုပ်ချုပ်ရေးကလုပ်ပေးတာ။ ရုံးရောက်ရင်လည်း တရားခံစစ်သလိုစစ်တဲ့အပြင် ဖုန်းတွေပါ ယူစစ်တာ အရမ်းဖိနှိပ်သလိုခံစားရတယ်။ စိတ်မကောင်းလည်းဖြစ်မိတယ်” လို့ ပြောပါတယ်။

 

ရပ်ကွက်ထောက်ခံစာရပြီး ရဲစခန်းနဲ့ အလုပ်သမားမှတ်ပုံတင် (လေဘာ) ပြုလုပ်ရာမှာလည်း စစ်အုပ်စု လက်အောက်ခံရဲတွေနဲ့ အလုပ်သမားရုံးက ဝန်ထမ်းတွေက ခြိမ်းခြောက်ပြောဆိုမှုတွေရှိတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

 

“ရဲစခန်းထောက်ခံစာနဲ့ လေဘာကတ်သွားလုပ်ရင် ရဲစခန်းက လူကို မယုံသင်္ကာအကြည့်နဲ့ကြည့်ပြီး စက်ရုံထဲမှာ ကောင်းကောင်းလုပ်နော်၊ မဟုတ်တာလုပ်မယ်တော့ မစဉ်းစားနဲ့၊ ရခိုင်ပြန်ပို့မယ်လို့ပြောတယ်” လို့ ရှင်းပြပါတယ်။

 

လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်မှာ ရပ်ကွက် ၂၀ နဲ့ ကျေးရွာအုပ်စု ၉ စုရှိပြီး စစ်ဘေးရှောင် ၅,၀၀၀ နီးပါး ရောက်ရှိနေထိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC

ပုံစာ – စစ်ဘေးရှောင်များကို စစ်အုပ်စုက ထောက်ပံ့ငွေပေးသည်ဟုဆိုကာ ခေါ်ယူတွေ့ဆုံနေပုံ