စက်သုံးဆီ ပြင်ပပေါက်ဈေး ကြီးမြင့်လာ၍ ဘေးတွဲဆိုင်ကယ်မောင်းသူများ အလုပ်ပြောင်းရွှေ့လုပ်ကိုင်လာ
ရန်ကုန်မှာ စက်သုံးဆီ တစ်လီတာကို ပြင်ပပေါက်ဈေး ၁၂,၀၀၀ အထိဖြစ်လာပြီး စစ်ကောင်စီတပ်နဲ့ ယာဉ်ထိန်းရဲတွေကလည်း ဖမ်းဆီးဒဏ်ရိုက်တာတွေကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေအနေနဲ့ အခြားအလုပ်များ ပြောင်းရွှေ့လုပ်ကိုင်လာတယ်လို့ ဘေးတွဲမောင်းနှင်သူတွေဆီက သိရပါတယ်။
ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေကို စက်သုံးဆီဆိုင်များက ဆီရောင်းချမပေးတာကြောင့် ပြင်ပတွင် ဓာတ်ဆီတစ်လီတာကို ၁၂,၀၀၀ ကျပ်နဲ့ ဝယ်ယူကာ ဘေးတွဲမောင်းနှင်နေသည့်အတွက် တွက်ခြေမကိုက်ဘူးလို့ မြောက်ဥက္ကလာပမြို့နယ်မှ ဘေးတွဲမောင်းနှင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆီကတစ်လီတာကို တစ်သောင်းကနေ တစ်သောင်းကျော်အထိဖြစ်သွားတော့ အုံနာခနဲ့ ဆီဖိုးကိုအရင်ရှာရတယ်။ အဲ့ဒါရမှ ကိုယ့်မိသားစုအတွက်ရှာရတာဆိုတော့ ကြာတော့အဆင်မပြေဘူး။ ကိုယ်ပိုင်ဘီးက ပြဿနာမရှိပေမယ့် အုံနာနဲ့မောင်းရတဲ့သူကျတော့ တွက်ခြေမကိုက်ဘူး။ ဈေးတိုးတောင်းပြန်တော့လည်း စီးမယ့်သူကမရှိဘူး။ ဆီဈေးအခြေအနေကြည့်ပြီး အပြင်အလုပ်ထွက်လုပ်တဲ့သူများတယ်” လို့ ပြောပါတယ်။
စက်သုံးဆီဈေးကြီးမြင့်တာအပြင် စစ်ကောင်စီတပ်နဲ့ ယာဉ်ထိန်းရဲတွေက မော်တော်ယာဉ်များသာမက ဘေးတွဲဆိုင်ကယ်များပါ ဖမ်းဆီးပြီး ငွေကြေးနဲ့ပြန်လည်ရွေးယူခိုင်းတာကြောင့် ဘေးတွဲမောင်းနှင်သည့်အလုပ်ကို ရပ်နားလာသူတွေ များလာတယ်လို့ မြောက်ဒဂုံမြို့နယ်က ဘေးတွဲမောင်းသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆီဈေးကကြီး ခရီးသည်က မရတဲ့အထဲ စစ်တပ်ရော ယာဉ်ထိန်းရဲရော ဆက်တိုက်ဖမ်းနေတော့ အဆင်မပြေဘူး။ မြောက်ဒဂုံကနေ ရွှေပေါက်ကံတံတားအဆင်းကို ခရီးသည်လိုက်ပို့တာ စစ်တပ်က ဖမ်းပြီး ဒဏ်ရိုက်တယ်၊ ရှစ်သောင်းခွဲတောင်းတယ်။ သုံးသောင်းလောက်ပဲယူပါဆိုတာ ဘယ်လိုမှ တောင်းပန်လို့မရဘူး။ မရတဲ့အဆုံး ကလေးဆေးခန်းပြဖို့ သိမ်းထားတဲ့ ပိုက်ဆံပေးလိုက်ရတယ်။ လက်တလော ဘေးတွဲမောင်းတာ ခဏနားထားတယ်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ဘေးတွဲမောင်းနှင်သူများကို စစ်ကောင်စီတပ်နဲ့ မြို့နယ်အုပ်ချုပ်ရေးက ရပ်ကွက်အလိုက်မောင်းနှင်ခွင့်ကတ်ပြားနဲ့ အင်္ကျီကို တစ်ထည် လေးသောင်းခွဲနဲ့ ထုတ်ပေးထားပေမယ့် ရပ်ကွက်ကျော် မြို့နယ်ကျော်ပါက စစ်ကောင်စီနဲ့ ယာဉ်ထိန်းရဲတွေက ဖမ်းဆီးပြီး ငါးသောင်း၊ ရှစ်သောင်းခွဲမှ တစ်သိန်းအထိ တောင်းယူနေတာဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခပြဿနာတွေကြောင့် မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတ်လ ၃ ရက်ကစပြီး စုံ၊ မ စနစ်ကို သတ်မှတ်ကာ စက်သုံးဆီခွဲတမ်းကို QR Code စကင်ဖတ်ပြီး ပေးနေပေမယ့် ဆီမရတဲ့သူတွေရှိလို့ စက်သုံးဆီပြင်ပပေါက်ဈေးဟာ တစ်လီတာကို ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိ မြင့်တက်လာတာဖြစ်ပါတယ်။
