တွေ့ဆုံဆွေးနွေးရေးအပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်ပေးဖို့၊ တပ်သားသစ် မစုဆောင်းဖို့နဲ့ CDM တွေကို ဖမ်းဆီးတာမျိုး မလုပ်ဖို့ PCB တောင်းဆို
လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခမှာ ပါဝင်နေတဲ့ သက်ဆိုင်သူအားလုံး တွေ့ဆုံညှိနှိုင်းဖို့နဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (PCB) က တောင်းဆိုကြောင်း ဒီကနေ့ မတ် ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ စစ်ရေးပဋိပက္ခမှာ ပါဝင်နေသူအားလုံး တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (PCB) ကို ၂၀၂၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှတို့က ဦးဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့ အရင်းခံပြဿနာတွေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ နိုင်ငံရေးပတ်ဝန်းကျင် ဖန်တီးပြီး ပဋိပက္ခနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်မှသာ လက်ရှိ ပြဿနာပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ယုံကြည်ကြောင်း PCB က ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့သူတွေ၊ အရပ်ဘက်ဝန်ထမ်းတွေကို အရေးယူဖမ်းဆီးတာမျိုး မလုပ်ဆောင်ဖို့နဲ့ ယုံကြည်ချက်ကြောင့် ပြည်ပမှာ ရောက်နေသူတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ကို လုပ်ဆောင်ပေးဖို့ အပါအဝင် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နဲ့ ရေးသားပြောဆိုခွင့်တွေကို သက်ဆိုင်တဲ့ အင်အားစုအားလုံးက အသိအမှတ်ပြု လက်ခံဖို့ကိုလည်း PCB က တောင်းဆိုထားပါတယ်။
စစ်ရေးပဋိပက္ခမှာ ပါဝင်နေတဲ့ အင်အားစုအားလုံး အနေနဲ့လည်း အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာ၊ စစ်မှုထမ်းခိုင်းတာ၊ အရပ်သားတွေကို ထိခိုက်စေမယ့် စစ်ရေးဆောင်ရွက်ချက်တွေ လုပ်ဆောင်တာမျိုးတွေကို ရှောင်ရှားကြဖို့ကိုလည်း PCB က ပြောဆိုထားပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒါဟာ စစ်အုပ်စု ဦးဆောင်တဲ့ အစိုးရသစ်အဖွဲ့ မပေါ်ပေါက်မီ ရက်ပိုင်းအလိုမှာ PCB က အခုလို ထုတ်ပြန်လာတာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်အဖွဲ့ဟာ အခု ဧပြီလဆန်းပိုင်းအတွင်းမှာ ပေါ်ပေါက်လာဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။
