ဘုန်းကြီးကိုယ်တိုင် မောင်းနှင်လာတဲ့ကားက အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိပြီး ဘုန်းကြီးမို့ တိုင်ချင်ရာတိုင်လို့ ပြောလို့ နစ်နာသူက အမှုဖွင့်မယ်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ရွှေဗုဒ္ဓေါစေတီအနီးမှာ ဘုန်းကြီးကိုယ်တိုင် မောင်းနှင်လာတဲ့ ဘုန်းကြီးကျောင်းတံဆိပ် ကပ်ထားတဲ့ ကားတစ်စီးက အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိပြီး ဘုန်းကြီးမို့ တိုင်ချင်ရာတိုင်လို့ ပြောခဲ့တာကြောင့် နစ်နာသူက သံဃနာယကအဖွဲ့ကို တိုင်ကြားမှုအပြင် မြို့နယ်ရဲစခန်းမှာ အမှုဖွင့်လှစ်ဖို့ လုပ်ဆောင်နေတယ်လို့ နစ်နာသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်မှာ မြောင်းမြမြို့၊ ခွေးလေးကြီးကျေးရွာ၊ ရွှေဘုန်းပွင့်ကျောင်းတိုက်က ဘုန်းကြီးကျောင်းတံဆိပ်ပါ မော်တော်ယာဉ်တစ်စီးဟာ ရွှေဗုဒ္ဓေါစေတီအနီးမှာ အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးကို နောက်ကနေ တိုက်မိရာ ဆိုင်ကယ်တိမ်းမှောက်ပြီး မောင်းနှင်လာသူ အမျိုးသမီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်အပြီးမှာ မော်တော်ယာဉ်ကို မောင်းနှင်လာတဲ့ ဘုန်းကြီးက နစ်နာသူ အမျိုးသမီးကို ဆေးရုံကို လိုက်ပို့ပေးခဲ့ပေမယ့် “ငါက ဘုန်းကြီး၊ သနားလို့ လိုက်ပို့ပေးတာ၊ မပို့ပေးလည်း ရတယ်၊ တိုင်ချင်ရာတိုင်” လို့ မော်တော်ယာဉ်ပေါ်မှာ ပြောကြားခဲ့ပြီး ဆေးရုံရောက်ရှိပြီး နောက်မှာလည်း နစ်နာသူ အမျိုးသမီးကို ကူညီပံ့ပိုးမှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ သိရပါတယ်။
“ယာဉ်တိုက်မှုကို အိုးဝေမောင်းတဲ့သူတစ်ယောက်က တွေ့သွားပြီး တိုက်ခံရသူကို ကူညီပေးဖို့ ပြောတယ်။ ရဲခေါ်ပြီး ပိုက်ဆံနဲ့ ညှိခိုင်းတယ်၊ အမှုမဖွင့်ခိုင်းဘူး။ ပြီးတော့ ငါက ဘုန်းကြီး၊ လုပ်ချင်ရာလုပ်ဆိုပြီး ပြောတော့ ဒေါ်ရီစန်း (နစ်နာသူ အမျိုးသမီး) က စိတ်ဆိုးသွားပြီး အခု အမှုဖွင့်မယ် လုပ်နေတာ” လို့ နစ်နာသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဒေါ်ရီစန်းမှာ မြောင်းမြ ပြည်သူ့ဆေးရုံကြီးမှာ ၃ ရက်တိုင် ဆေးကုသမှု ခံယူခဲ့ရပြီး ယာဉ်မောင်းသူ ဘုန်းကြီးဟာ ရွှေဘုန်းပွင့်ကျောင်းတိုက်က ဆရာတော်တစ်ပါး ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
