သမ္မတဖြစ်ဖို့ ကျိန်းသေသွားတဲ့ မင်းအောင်လှိုင်နဲ့ အသစ်ထွက်ပေါ်လာတဲ့ ရုပ်သေး ဒုသမ္မတလောင်းများ
အတုအယောင် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ လွှတ်တော်တွေကနေတစ်ဆင့် သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်တင်မြှောက်ဖို့အတွက် ဒုတိယသမ္မတလောင်းတွေရဲ့ အမည်စာရင်းတွေ ဒီကနေ့မှာ တရားဝင် ထွက်ပေါ်လာခဲ့ပါတယ်။ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အစုအဖွဲ့အလိုက် အစည်းအဝေးတွေမှာ စစ်အုပ်စု ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တစညပါတီက ဒေါက်တာကျော်ဆွေကို တင်သွင်းခဲ့ပြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က နန်းနီနီအေးနဲ့ KIO ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာမနမ်တူးဂျာကိုလည်းကောင်း ဒုတိယသမ္မတလောင်းတွေအဖြစ် အသီးသီး အမည်စာရင်း တင်သွင်းရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးညိုစောလို့ သတင်းထွက်ပေါ်နေပေမယ့် အခု သတင်းဖော်ပြချိန်အထိ စစ်အုပ်စုက တရားဝင် ထုတ်ပြန်လာတာ မရှိသေးပါဘူး။ ဒီအမည်စာရင်းတွေအရ အစောပိုင်းကတည်းက ရေပန်းစားနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတသစ် ဖြစ်လာဖို့ အသေအချာနီးပါး ရှိနေပြီဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်ကတည်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ယူခဲ့သူဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းယူခဲ့ပြီးနောက် စစ်အုပ်စု ဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နဲ့ ယာယီသမ္မတ တာဝန်တွေကိုပါ တစ်ဦးတည်း ချုပ်ကိုင်ထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်လည်း ဝေဖန်ခံနေရတာပါ။ ၂၀၂၃ ခုနှစ်မှာ တိုင်းမ်စ်မဂ္ဂဇင်း (Time Magazine) က သူ့ကို ‘ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀’ စာရင်းထဲမှာ ထည့်သွင်းခဲ့ပေမယ့် ‘နိုင်ငံကို အပယ်ခံဘဝ ရောက်စေသူ’ လို့လည်း ဖော်ပြခဲ့ပါတယ်။ အခုအခါမှာတော့ သူဟာ စစ်တပ်ယူနီဖောင်းကို ချွတ်ပြီး အရပ်သားသမ္မတအဖြစ် အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အလားတူ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုသမ္မတလောင်းအဖြစ် တင်သွင်းခဲ့သူ ဒေါက်တာကျော်ဆွေဟာ တစညပါတီရဲ့ တောင်တွင်းကြီးမြို့နယ် ကော်မတီဝင်တစ်ဦး ဖြစ်ပါတယ်။ ဒေါက်တာကျော်ဆွေက မဲဆွယ်ကာလအတွင်း စစ်မှုထမ်းဆွဲခေါ်နေခြင်းဟာ ပါတီတွေရဲ့ စည်းရုံးရေးကို ထိခိုက်စေပြီး ရွေးကောက်ပွဲ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်တယ်လို့ ထောက်ပြခဲ့ပေမယ့် အဖမ်းခံရမှာကို စိုးရိမ်တဲ့အတွက် စစ်ကော်မရှင်ကို ပြန်လည်တောင်းပန်ခဲ့ရသူပါ။ သူဟာ NLD အစိုးရလက်ထက်မှာလည်း ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေ ဖြန့်ဝေခဲ့သူ ဖြစ်ပါတယ်။
တပ်မတော်သား အစုအဖွဲ့က တင်သွင်းလိုက်တယ်လို့ သတင်းထွက်ပေါ်နေသူ ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစောကတော့ စစ်ခေါင်းဆောင်ရဲ့ အယုံကြည်ရဆုံးသူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ သူဟာ စစ်ထောက်ချုပ်ဟောင်း တစ်ဦးဖြစ်သလို၊ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးတွေဖြစ်တဲ့ MEC နဲ့ အင်းဝဘဏ်တို့မှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ခေါင်းဆောင်ရဲ့ မိသားစု စီးပွားရေးတွေကို အကာအကွယ်ပေးသူအဖြစ်လည်း အမည်ထွက်နေသူပါ။ လက်ရှိမှာ သူဟာ ဥရောပသမဂ္ဂ (EU) ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ ပါဝင်နေပေမယ့် စစ်အုပ်စုရဲ့ ဘတ်ဂျက်စိစစ်ဖြတ်တောက်ရေး ကော်မတီဥက္ကဋ္ဌလို အရေးပါတဲ့ နေရာတွေကို ရယူထားဆဲ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်က တင်သွင်းလိုက်တဲ့ နန်းနီနီအေးကတော့ ကြံ့ခိုင်ရေးပါတီရဲ့ ကရင်ပြည် ဥက္ကဋ္ဌ ဖြစ်ပါတယ်။ သူဟာ ၂၀၁၀၊ ၂၀၁၅ နဲ့ အခု ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ ၃ ကြိမ်စလုံးမှာ အနိုင်ရခဲ့သူဖြစ်ပြီး စစ်တပ်နဲ့ အလွန်နီးစပ်တဲ့ နောက်ခံရှိသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ဟာလည်း မဆလပါတီဝင်ဟောင်း တစ်ဦးဖြစ်တာကြောင့် စစ်တပ်ဦးဆောင်တဲ့ နိုင်ငံရေးစနစ်မှာ ကာလရှည်ကြာ ကျင်လည်ခဲ့သူလို့ ဆိုနိုင်ပါတယ်။
အလားတူ အမျိုးသားလွှတ်တော်က အစုအဖွဲ့က တင်သွင်းလိုက်တဲ့ ဒေါက်တာမနမ်တူးဂျာကတော့ ကချင်ပြည်ရဲ့ ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သလို၊ လက်ရှိမှာတော့ ကချင်ပြည်အတွင်းရှိ ပါတီတွေ ပေါင်းစည်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း အင်ဂျန်းယန်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ ဒေါက်တာမနမ်တူးဂျာဟာ တိုင်းရင်းသားအင်အားစုတွေကို ကိုယ်စားပြုတဲ့ ဒုသမ္မတလောင်းအဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။
အခုထွက်ပေါ်လာတဲ့ ဒုတိယသမ္မတလောင်းတွေကို ပြည်ထောင်စုလွှတ်တော် နာယကက စိစစ်အတည်ပြုပြီးရင်တော့၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ မဲအများဆုံးရတဲ့သူက နိုင်ငံတော်သမ္မတ ဖြစ်လာမှာဖြစ်ပြီး ကျန်တဲ့ ၂ ဦးကတော့ ဒုတိယသမ္မတ (၁) နဲ့ (၂) အဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။
အကဲခတ်တွေကတော့ ဒီလုပ်ငန်းစဉ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာဖို့အတွက် ကြိုတင်ဇာတ်ညွှန်း ရေးထားတဲ့အတိုင်းပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီမိုကရေစီ အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးမယ်လို့ စစ်အုပ်စုက အမည်တပ်ထားပေမယ့်၊ တကယ့်လက်တွေ့မှာတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ ဝတ်စုံလဲပြီး တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်သွားမယ့် အနေအထား ဖြစ်နေပါတယ်။
