မင်းအောင်လှိုင်ရဲ့ မူဝါဒလမ်းစဉ်တွေကို လိုက်နာကျင့်သုံးသွားမယ်လို့ တပ်ချုပ်သစ် ရဲဝင်းဦး ပြော

Author CJ Platform
Categories
Published on Mar 30, 2026

စစ်တပ်ကို စွမ်းရည်ထက်မြက်ပြီး တိုက်စွမ်းအားရှိတဲ့ ခေတ်မီစစ်တပ်ဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေသံအတိုင်း ဒီကနေ့ မတ် ၃၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။

 

ဒီကနေ့ မနက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန် လွှဲပြောင်းမှုနဲ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ ၁၅ နှစ်တာ ရယူခဲ့တဲ့ ကာချုပ်ရာထူးကို သူယုံကြည်ရတဲ့ အသက် ၆၀ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS 77) ဆီ လွှဲပြောင်းပေးတာလည်း ဖြစ်ပါတယ်။

 

ကာချုပ်ရာထူးတာဝန် လွှဲပြောင်းရယူပွဲ အခမ်းအနားမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော် (Standard Army) ဖြစ်အောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြောင်းနဲ့ မိမိအနေနဲ့လည်း အရင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒလမ်းစဉ်တွေအတိုင်း ဆက်လက်လိုက်နာ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက်သွားမယ်လို့ ရဲဝင်းဦးက ဆက်လက်ပြောဆိုခဲ့ပြီး တပ်နဲ့ ပြည်သူ တစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်သလို အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် တပ်တွင်းတပ်ပြင် စည်းရုံးရေးတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

လက်ရှိ ကာချုပ်အသစ် ဖြစ်လာတဲ့ ရဲဝင်းဦးနဲ့ မိသားစုကို အမေရိကန်အစိုးရက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့သလို ဥရောပသမဂ္ဂ (EU) ကလည်း ၂၀၂၁ ခုနှစ်၊ မတ် ၂၂ ရက်မှာ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။

 

 

Related News

Depend on news