လွတ်လပ်တဲ့ မီဒီယာတွေကို ဘာလို့ ပရိသတ်ဝင်ရောက်မှု နည်းနေလဲ စစ်အုပ်စုလက်အောက်မှာ အလုပ်လုပ်နေတဲ့ မီဒီယာတွေ ဘာလို့ ပရိသတ်ဝင်ရောက်မှု များနေလဲ

Author CJ Platform
Categories
Published on Mar 28, 2026

စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲ မစတင်မီ လပိုင်းမှာ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ သတင်းတွေဟာ ပြည်သူတွေဆီကို ပျံ့နှံ့မှု နည်းပါးသွားခဲ့ပါတယ်။ ဒါ့အပြင် စစ်အုပ်စုလက်အောက်မှာ လိုင်စင်ရယူပြီး စစ်တပ်ထိန်းချုပ်မှုကို လိုက်လျောနေကြရတဲ့ မြန်မာပြည်တွင်း မီဒီယာတွေမှာ ပရိသတ်ဝင်ရောက်မှု ပိုမိုများပြားလာခဲ့ပါတယ်။

 

ဒါ ဘာကြောင့် ဖြစ်ပေါ်ရတာလဲ။

 

လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ လွတ်လပ်တဲ့ သတင်းတင်ဆက်မှုကို ပရိသတ်တွေ မကြိုက်နှစ်သက်တော့တာလားဆိုတာ ဝါဒဖြန့်ချိလိုသူတွေအတွက်တော့ တိုက်ခိုက်စရာ ကောင်းလွန်းလှတဲ့ အချက်ပါပဲ။

 

စစ်အုပ်စုဟာ သူတို့ကို ဝေဖန်သူမှန်သမျှ၊ သူတို့ရဲ့ ရက်စက်စွာ လုပ်ဆောင်မှုတွေကို ဖော်ထုတ်ရေးသားသူမှန်သမျှကို ဖမ်းဆီးတာ၊ ထောင်ချတာတွေ အာဏာသိမ်းပြီးကတည်းက ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့တာ ဒီကနေ့ အချိန်ထိပါပဲ။ ဒါဟာ အာဏာကို အသုံးပြုပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။

 

အင်တာနက်ပိတ်ဆို့မှု၊ Facebook လို လူမှုကွန်ရက်တွေ အသုံးပြုမှုကိုလည်း ပိတ်ပင်ပြီး VPN အသုံးပြုခွင့်ကိုပါ စစ်အုပ်စုက ပိတ်ပင်ထားပါတယ်။ လူမှုဖျော်ဖြေရေးသက်သက်ဖြစ်တဲ့ TikTok လို လူမှုကွန်ရက် ပလက်ဖောင်းတွေကိုတော့ အသုံးပြုခွင့်ပေးထားပြီး စစ်အုပ်စုဟာ TikTok ကနေ ဝါဒဖြန့်ချိမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ပါတယ်။ တပ်မတော်အကျိုးပြု TikTok ပြိုင်ပွဲလို ပြိုင်ပွဲတွေကိုပါ လုပ်ဆောင်စေပြီး ပြည်သူတွေကို TikTok ပလက်ဖောင်းကို ပြောင်းလဲအသုံးပြုလာအောင် ဖိအားပေးပြီးနောက်မှာ ဝါဒဖြန့်ချိမှုတွေကို ဆက်တိုက် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

 

သတင်းအမှန် စားသုံးရရှိဖို့ VPN မျိုးစုံ ပြောင်းသုံးရတဲ့ ပြည်သူတွေကို နောက်ထပ် တားဆီးလိုက်တာဟာ စစ်အုပ်စုရဲ့ နည်းပညာသုံး ပိတ်ဆို့မှုပါပဲ။ လျှို့ဝှက်ကုဒ်သုံးနည်းပညာ (Encryption) နဲ့ ဒစ်ဂျစ်တယ် အတားအဆီးတွေကို ကျော်လွှားအသုံးပြုနိုင်တဲ့ နည်းပညာသုံး ကိရိယာ (Circumvention tools) တွေကို ပိတ်ဆို့မှုဟာ ရွေးကောက်ပွဲမတိုင်မီ ကာလကနေစတင်ပြီး ၉၇ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တယ်လို့ Human Rights Myanmar နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) တို့ ပူးပေါင်းထုတ်ဝေတဲ့ ၂၀၂၅-၂၆ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်သော သတင်းမီဒီယာများအပေါ် စစ်တပ်၏ ပိတ်ဆို့ကန့်သတ်ပုံ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

စစ်အုပ်စုရဲ့ အခုလို ပိတ်ဆို့မှုမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကိုသာ ပိတ်ဆို့မှု လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့ဆီမှာ မှတ်ပုံတင် လိုင်စင်ရယူကာ သူတို့အလိုကျ သတင်းတွေကိုပဲ ဖော်ပြရေးသားနေတဲ့ သတင်းမီဒီယာတွေတော့ မပါဝင်ခဲ့ပါဘူး။

 

Human Rights Myanmar နဲ့ IPCM တို့ရဲ့ အစီရင်ခံစာအရ ရွေးကောက်ပွဲမတိုင်မီ ကာလမှာ လွတ်လပ်တဲ့ မြန်မာမီဒီယာတွေဖြစ်တဲ့ Myanmar Now ကို ၈၅ ရာခိုင်နှုန်း၊ Mizzima ကို ၈၄ ရာခိုင်နှုန်း၊ The Irrawaddy ကို ၇၉ ရာခိုင်နှုန်း၊ Narinjara News ကို ၇၃ ရာခိုင်နှုန်း၊ Karen Information Center – KIC ကို ၆၉ ရာခိုင်နှုန်း နည်းပညာသုံး ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

 

ရွေးကောက်ပွဲကာလမှာတော့ ပိတ်ဆို့မှု ရာခိုင်နှုန်းတွေဟာ ပိုမိုမြင့်တက်လာခဲ့ပြီး ဥပမာအားဖြင့် Myanmar Now နဲ့ The Irrawaddy ဟာ ၉၈ ရာခိုင်နှုန်းအထိ ပိတ်ဆို့ခံလိုက်ရပါတယ်။ ဒါကြောင့် လွတ်လပ်တဲ့ သတင်းမီဒီယာတွေက သတင်းတွေကို မြန်မာပြည်တွင်းကနေ ဝင်ရောက်ကြည့်ရှုဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခု ဖြစ်သွားခဲ့ပါတယ်။

 

Human Rights Myanmar နဲ့ IPCM တို့ရဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့ ထူးခြားချက်ကတော့ စစ်အုပ်စုဟာ သူတို့ဆီ မှတ်ပုံတင် လိုင်စင်ရယူကာ သူတို့အလိုကျ သတင်းတွေကိုသာ ဖော်ပြလေ့ရှိတဲ့ သတင်းဌာနတွေကို ပိတ်ဆို့မှုမရှိတာပါပဲ။ ဥပမာအားဖြင့် Eleven Media ဟာ စစ်အုပ်စုရဲ့ နည်းပညာသုံး ပိတ်ဆို့မှုကို ၁ ရာခိုင်နှုန်းပဲ ကြုံတွေ့ရပါတယ်။

 

CJ Platform ရဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ၅ လတာ မြန်မာသတင်းမီဒီယာတွေကို လေ့လာစောင့်ကြည့်မှု မှတ်တမ်းအရ Eleven Media ဟာ ၅ လတာ ကာလအတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းထုတ်ဝေမှု ၃၅၂ ကြိမ် လုပ်ဆောင်ခဲ့ပြီး အဲဒီထဲက သတင်းထုတ်ဝေမှု ၂ ကြိမ်တည်းသာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြမှု လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ ၂ ကြိမ်ဟာလည်း အင်အားကြီးပါတီတွေက ခေါင်းဆောင်တွေ ရွေးကောက်ပွဲ ဝင်ခွင့်မရတာနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့က ရွေးကောက်ပွဲအပေါ် ဝေဖန်မှုတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ အလားတူ သတင်း ၂ ပုဒ်လုံးကို အခြားသော မြန်မာပြည်တွင်းအခြေစိုက် မီဒီယာအားလုံးနီးပါးမှာလည်း ဖော်ပြကြပါတယ်။

 

စစ်အုပ်စုဟာ ရွေးကောက်ပွဲအကြို ကာလကနေ စတင်ပြီး Facebook ကို ၉၈ ရာခိုင်နှုန်း၊ X ကို ၈၈ ရာခိုင်နှုန်း၊ Instagram ကို ၈၁ ရာခိုင်နှုန်းအထိ ပိတ်ဆို့ခဲ့တယ်လို့ Human Rights Myanmar နဲ့ IPCM တို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

လွတ်လပ်သော မီဒီယာတွေရဲ့ သတင်းတွေကို ပြည်သူတွေဆီ မရောက်ရှိအောင် စစ်အုပ်စုဟာ ဒေါ်လာငွေသန်းချီ အကုန်အကျခံကာ နည်းပညာသုံး ပိတ်ဆို့ခဲ့တာဖြစ်ပြီး လွတ်လပ်သော မီဒီယာတွေရဲ့ Facebook၊ Website စတဲ့ သတင်းဖြန့်ဝေရာ ပလက်ဖောင်းတွေကို ပြည်သူတွေ ဝင်ရောက်ကြည့်ရှုချိန်မှာ အင်တာနက်လိုင်း မကောင်းသလို ဖြစ်ပေါ်တာ၊ ဝင်ရောက်ကြည့်ရှုလို့ မရတာတွေကို ဖြစ်ပေါ်စေပါတယ်။

 

ပရိသတ်ဝင်ရောက်ဖို့ ကြိုးစားတိုင်း မအောင်မြင်ခဲ့တဲ့နောက် Algorithm တွေရဲ့ သဘောတရားအရ ပရိသတ် ကြိုက်နှစ်သက်မှု မရှိဘူးလို့ ယူဆကာ ပရိသတ်ဝင်ရောက်မှုကိုပါ လျှော့ချလိုက်ပါတယ်။ ဒါဟာ လွတ်လပ်တဲ့ မီဒီယာတွေမှာ ပရိသတ်ရရှိမှု နည်းပါးလာတဲ့ အကြောင်းရင်းပါပဲ။

 

လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပရိသတ်ဝင်ရောက်မှု နည်းပါးလာတာဟာ သတင်းအရည်အသွေး၊ ပြည်သူတွေရဲ့ သတင်းမှန် စားသုံးလိုမှု လျော့ကျသွားလို့ မဟုတ်ဘဲ တစ်ဖက်မှာ စစ်အုပ်စု အလိုကျ ဝါဒဖြန့်ဝေပေးနေတဲ့ မီဒီယာတွေမှာ ပရိသတ်ဝင်ရောက်မှု ပိုမိုများပြားနေမှုဟာ စစ်အုပ်စုရဲ့ အာဏာနဲ့ နည်းပညာသုံး ပိတ်ဆို့မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။