စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းစစ်တပ် ထုတ်ပြန်

Author CJ Platform
Categories
Published on Mar 19, 2026

ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မနေ့က မတ် ၁၈ ရက်မှာ နေပြည်တော်မှာ တွေ့ဆုံခဲ့ချိန် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။

 

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Ukris Boontanondha ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ကော်မရှင်တို့ နေပြည်တော်မှာ တွေ့ဆုံချိန် နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနဲ့ တရားမဝင် ကုန်သွယ်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ထိုင်း-မြန်မာ စစ်တပ်နှစ်ခု ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အဆင့်မြင့်အရာရှိများ အစည်းအဝေး (High Level Committee – HLC) ကိုလည်း ကျင်းပဖို့ ဆွေးနွေးခဲ့ကြပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ပူးပေါင်းဖြေရှင်းဖို့ သတင်းအချက်အလက် ဖလှယ်ရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က ဖော်ပြထားပါတယ်။

 

နှစ်နိုင်ငံ စစ်တပ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနဲ့ HLC အစည်းအဝေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ထားပေမယ့် အစည်းအဝေးကျင်းပမယ့် အချိန်ကာလနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မယ့် အခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားတာမျိုး မရှိသေးပါဘူး။

 

ထိုင်းစစ်တပ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုကို စစ်ကော်မရှင်ဘက်ကလည်း သတင်းထုတ်ပြန်ထားပြီး နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စစ်တပ်နှစ်ခုကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်းစစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန် စစ်ကော်မရှင်ဘက်က ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ စစ်ကော်မရှင် အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ တက်ရောက်ခဲ့ပြီး သူတို့အားလုံးဟာ မင်းအောင်လှိုင် စစ်တပ်က အနားယူခဲ့ပါက ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာအတွက် ရေပန်းစားနေသူတွေလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Royal Thai Armed Forces Headquarters

 

 

Related News

Depend on news