လေယာဉ်အဟောင်းတွေကို အသစ်တွေနဲ့ ရောနှောပြီး တပ်တော်ဝင်တယ်လို့ စစ်အုပ်စုပြသ

Author CJ Platform
Categories
Published on Mar 13, 2026

ရုရှားနိုင်ငံကနေ မှာယူထားတဲ့ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ စစ်အုပ်စုက လေတပ်အင်အားကို ထပ်မံဖြည့်တင်းနေပြီး တိုက်ခိုက်ရေးလေယာဉ်တွေ တပ်တော်ဝင်အခမ်းအနားကို မနေ့က မတ် ၁၂ ရက်က မန္တလေးတိုင်း၊ မိတ္ထီလာတပ်နယ်မှာ ကျင်းပခဲ့တယ်လို့ သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေကနေတဆင့် သတင်းထုတ်ပြန်ထားပါတယ်။

 

တပ်တော်ဝင်ခဲ့တဲ့ တိုက်ခိုက်ရေးလေယာဉ်တွေထဲက K-8W လေယာဉ်တွေဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအတွင်းက ရောက်ရှိခဲ့တာဖြစ်ပြီး တပ်တော်ဝင်အခမ်းအနားမှာ ပြသထားတဲ့ SU-30SME လေယာဉ်တွေကတော့ အရင်ကတည်းက ရှိနှင့်ပြီးသား လေယာဉ်တွေဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) အဖွဲ့ဝင်တစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

“လေယာဉ်တွေ ရောက်တာကိုတော့ ကြားတယ်။ မနှစ် ဒီဇင်ဘာကတည်းက။ အခုပွဲကလည်း တော်တော်ကို ဖြစ်သလိုလုပ်သွားတာပါ။ အင်အားရှိကြောင်း ပြချင်တဲ့ သဘောပါပဲ။ ဒါပေမယ့် လေယာဉ်တွေကတော့ အရင်ဟာတွေပါပဲ” လို့ MDSI အဖွဲ့ဝင် CDM လေတပ်အရာရှိတစ်ဦးက ဆိုပါတယ်။

 

စစ်အုပ်စုလေတပ်မှာ ရုရှားနိုင်ငံက မှာယူထားတဲ့ စတုတ္ထမျိုးဆက်လွန် SU-30SME တိုက်ခိုက်ရေးလေယာဉ် ၆ စင်းအထိ ရှိထားပြီး အားလုံးဟာ ၂၀၂၂ – ၂၀၂၄ ခုနှစ်အတွင်းမှာ တပ်တော်ဝင်ထားခဲ့တာ ဖြစ်ပေမယ့် မနေ့က မတ် ၁၂ ရက် တပ်တော်ဝင်အခမ်းအနားမှာတော့ SU-30SME လေယာဉ်တွေကို ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။

 

စစ်တပ်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်အောင် လုပ်ဆောင်သွားဖို့ လိုပြီး ခေတ်သစ်စစ်ပွဲတွေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့အရေးအခင်းတွေမှာ လေကြောင်းနဲ့ အာကာသစွမ်းအားတွေဟာ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရေးနဲ့ စစ်ပွဲအောင်နိုင်ရေးမှာ အဓိကကျတာကြောင့် လေတပ်စွမ်းအားကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်တော်ဝင်အခမ်းအနားမှာ ပြောဆိုခဲ့ပါသေးတယ်။

 

အခု မတ် ၈ ရက်ကလည်း ရေတပ်အင်အားကို ဖြည့်တင်းခဲ့သေးပြီး မြန်မာရေတပ်သင်္ဘောဌာနချုပ်ရဲ့ အကြီးဆုံး တန် ၄,၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲအခမ်းအနားနဲ့ ရေငုပ်သင်္ဘောဖျက်ရေးရေယာဉ်တွေ၊ စစ်ရေယာဉ်တွေ တပ်တော်ဝင်အခမ်းအနားကို ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်မှာ ပြုလုပ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC