အရေးပေါ် လူနာတင်ယာဉ်အချို့ ရပ်နားထားတော့မယ်

Author CJ Platform
Categories
Published on Mar 12, 2026

စက်သုံးဆီဝယ်ယူရေး အခက်အခဲအပြင် အသင်းအဖွဲ့ မှတ်ပုံတင်ရာမှာ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို တင်ပြရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ကန့်သတ်ချက်တွေကြောင့် လူမှုရေးအသင်းအဖွဲ့အချို့ လုပ်ငန်းတွေ ရပ်နားထားဖို့ ပြင်ဆင်နေတယ်လို့ ပရဟိတအကျိုးဆောင်တွေဆီက သိရပါတယ်။

 

စစ်အုပ်စုဟာ မော်တော်ယာဉ်တွေကို စက်သုံးဆီရောင်းချရာမှာ QR စနစ်နဲ့ ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် လိုင်စင်မဲ့ လူနာတင်ယာဉ်အချို့မှာ စက်သုံးဆီဝယ်ယူမရတော့ဘဲ လူနာသယ်ယူရေးအတွက် အကူအညီပေးဖို့ လုပ်ငန်းတွေကို ယာယီရပ်နားထားရတယ်လို့ သိရပါတယ်။

 

“အသင်းမှာ ကိုယ်ပိုင်ကားရှိသူကလည်း သူ့ကားနဲ့ ဆီသွားဝယ်၊ လူနာတင်ကားထဲ ပြောင်းထည့်ဆိုတာက အန္တရာယ်လည်း များတယ်လေ။ အချို့ဆိုင်တွေကတော့ ခင်နေတော့ နားလည်မှုနဲ့ ရောင်းပေးချင်ပေမယ့် စစ်ဆေးရေးလာလုပ်ရင် ပြဿနာတက်မှာစိုးလို့ မရောင်းပေးရဲဘူး၊ အဲဒီတော့ ရပ်ထားပေါ့နော်” လို့ ရန်ကုန်မြို့၊ အလုံမြို့နယ် လူမှုရေးအသင်းတစ်ခုက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

စက်သုံးဆီ အခက်အခဲအပြင် လူမှုရေးအသင်းအဖွဲ့တွေ မှတ်ပုံတင်ရာမှာ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို တင်ပြရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့်လည်း အသင်းအဖွဲ့အချို့က လုပ်ငန်းတွေ ယာယီရပ်နားထားမယ်လို့လည်း ဆိုပါတယ်။

 

“လုံးဝရပ်တာတော့ မဟုတ်ဘူးပေါ့၊ ပြဿနာမတက်အောင်တော့ ကြည့်ရှောင်ရမှာပေါ့။ ကျွန်တော်တို့ကတော့ ဆက်တော့ လုပ်နေဦးမယ်၊ အရင်လိုတော့ ပေါ်ပေါ်ထင်ထင် မကူတော့ဘူးပေါ့နော်။ အခု လွှတ်တော်လည်း စတော့မယ်ဆိုတော့ အပြောင်းအလဲတော့ ဖြစ်နိုင်ပါတယ်၊ စောင့်ကြည့်ရတာပေါ့။ အထင်မလွဲနဲ့ အစ်ကိုရာ၊ မချစ်သော်လည်း အောင့်ကာနမ်းပေါ့” လို့ ဧရာဝတီတိုင်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ပုံစာ – ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုတွင် ကူညီပေးနေကြသည့် လူမှုရေးအသင်းအဖွဲ့ဝင်များကို မြင်ရပုံ

 

 

 

Related News

Depend on news