ဗိုလ်နဂါးအဖွဲ့နဲ့ NUG လက်အောက်ခံတပ်တွေ တိုက်ခိုက်နေတဲ့နေရာကို စစ်အုပ်စုကပါ ဗုံးဝင်ကြဲ

Author CJ Platform
Categories
Published on Feb 17, 2026

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲဒေသမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဂိတ်စခန်းတွေကို NUG လက်အောက်ခံ ယင်းမာပင်ခရိုင်တပ်ဖွဲ့တွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်စီးနင်းခဲ့ပြီးနောက် စစ်အုပ်စုကပါ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

NUG လက်အောက်ခံတပ်တွေနဲ့ BNRA တပ်တို့ ထိတွေ့မှုဖြစ်နေတဲ့ BNRA ရဲ့ ပုပ္ပါးဂိတ်ကို ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်မှာ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ​ ဖြစ်ပါတယ်။

 

“ဂျက်လေယာဉ်နဲ့ ကြဲတာ နှစ်ခါရှိသွားပြီ။ မနက်စောကြီးကတည်းက အခုချိန်ထိ ဖြစ်နေတာလို့ ကြားတယ်။ ခရိုင်တပ်ရင်းတွေက BNRA ဂိတ်တွေကို ဝင်စီးပြီး ပစ်ကြခတ်ကြတဲ့အချိန် ဂျက်လေယာဉ်နဲ့ လာပစ်တာ။ ပုပ္ပါးဂိတ်ကို ဝင်စီးတဲ့အချိန် လာပစ်တာ။ ထိခိုက်မရှိဘူးလို့ သိရတယ်” လို့ ပုလဲမြို့နယ်၊ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီနောက် မွန်းလွဲ ၂ နာရီကျော်မှာလည်း စစ်အုပ်စုက ထပ်မံဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပြီး စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ရာနေရာနဲ့ ထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရဘူးလို့ သိရပါတယ်။ လက်ရှိမှာ မြေပြင်တိုက်ပွဲတွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေထိုင်ကြတယ်လို့လည်း သူက ဆက်လက်ပြောပါတယ်။

 

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတွေက ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဂိတ်စခန်းတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက် ၇ နာရီက စလို့ လက်နက်ကြီးတွေ၊ ဒရုန်းဗုံးသီးတွေကို အသုံးပြုတိုက်ခိုက်လာခြင်းဖြစ်ကြောင်း BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

ဒါ့အပြင် NUG ဟာ အစိုးရအမည်ခံထားခြင်း၊ စစ်ဒေသ (၁) တွင်လည်း KIA အဖွဲ့အစည်းမှ ဦးဆောင်ခြင်းတွေကြောင့် အခုလို အကျည်းတန်တဲ့ လုပ်ရပ်ကို တော်လှန်‌ဘက်အချင်းချင်း ပြုလုပ်မယ်မဟုတ်ဟု လွန်ခဲ့သောနှစ်တွေအတွင်းမှာ ယူဆထားခဲ့ဖူးပေမယ့် ယခုအခါမှာ အံ့သြဖွယ် ဆိုးသွမ်းမှုကို မြင်ရပြီဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ လတ်တလောအချိန်အတွင်း ဘေးလွတ်ရာ စစ်ရေးသတိပြုနေကြဖို့ အရေးပေါ် အသိပေးနှိုးဆော်အပ်ပါတယ်လို့လည်း ရေးသားထားပါတယ်။

 

ပုလဲမြို့နယ်မှာ NUG လက်အောက်ခံ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မှုတွေ ရှိသလို BNRA ကလည်း လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပြီး အခုနှစ်ဆန်းပိုင်းကစလို့ နှစ်ဖက်ထိတွေ့မှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။ ဒီကနေ့ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးကတော့ NUG လက်အောက်ခံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက‌တော့ တစ်စုံတစ်ရာ ထုတ်ပြန်လာတာကို မတွေ့ရသေးပါဘူး။

 

ဓာတ်ပုံ – BNRA