တာချီလိတ်မှာ ရေနစ်ပျောက်ဆုံးခဲ့တဲ့ လူငယ် ၃ ဦး ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှ
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ စံဖူးကျေးရွာရှိ သဲချောင်းမှာ ရေကစားရာကနေ ရေနစ်ပျောက်ဆုံးသွားတဲ့ လူငယ်အမျိုးသား ၃ ဦး ရုပ်အလောင်းတွေကို ဒီကနေ့ ဖေဖော်၀ါရီ ၁၇ ရက်မှာ ပြန်လည်တွေ့ရှိရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မွန်းလွဲပိုင်းက ရေနစ်ပျောက်ဆုံးခဲ့သူတွေထဲက အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းကို သဲချောင်း တစ်နေရာမှာ ဒီကနေ့ ဖေဖော်၀ါရီ ၁၇ ရက်၊ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“ကလေး ၂ ယောက် ပြန်တွေ့တဲ့အထဲမှာ ကျွန်တော့်တူလေး (ဇင်လင်းဖြိုး) ပါလာပါတယ်ခင်ဗျ။ ကူညီရှာဖွေပေးတဲ့ ပရဟိတအသင်းများကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပျောက်ဆုံးခဲ့ရသူတစ်ဦးရဲ့ ဦးလေးတော်စပ်သူက လူမှုကွန်ရက်ကနေ ပြောထားပါတယ်။
အဲဒီနောက် ဒီကနေ့ ၁၂ နာရီ၀န်းကျင်မှာတော့ ကျန်ရှိနေတဲ့ ရုပ်အလောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရေနစ်သေဆုံးခဲ့သူ ၃ ဦးအနက် ဒီကနေ့မနက်ပိုင်း တွေ့ရှိခဲ့တဲ့ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်နေ မောင်ဇင်လင်းဖြိုး အသက် ၁၆ နှစ်၊ မောင်ဖြိုးမင်းသန့် အသက် ၁၆ နှစ်တို့ရဲ့ နာရေးတွေကို ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲမှာ ပုံလို့သုဿာန်မှာ မီးသင်္ဂြိုဟ်မှာဖြစ်ကြောင်းကိုလည်း ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းက မျှဝေထားပါတယ်။
ဓာတ်ပုံ – ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း
