တောင်ကြီးနဲ့ အင်းလေးဒေသကို ခရီးသွားလာမှု ပိုများလာ၊ မှတ်ပုံတင်အပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခံနေရ
စစ်အုပ်စု စစ်ဆေးရေးဂိတ်တွေ အထပ်ထပ်ချထားချိန်မှာပဲ ၂၀၂၅ – ၂၀၂၆ ခရီးသွားရာသီအတွင်း ယခင်နှစ်တွေနဲ့ မတူဘဲ ပြည်တွင်းခရီးသွား ပြန်ပြီးများပြားလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုနှစ် ခရီးသွားရာသီဟာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်ထားပေမယ့် တောင်ကြီး၊ အင်းလေးဒေသတွေကို ပြည်တွင်းခရီးသွားတွေ နည်းလမ်းအမျိုးမျိုးနဲ့ လာရောက်လည်ပတ်ကြတယ်လို့ ဆိုပါတယ်။

“လမ်းခရီးကတော့ ပုံမှန်ပါပဲ။ တချို့က စစ်ဆေးရေးဂိတ်တွေ ရှောင်ပြီးသွားတာရှိတယ်။ တချို့ကတော့ လမ်းအတိုင်းလာတာတွေလည်း ရှိပါတယ်။ ဒီနှစ်ကတော့ အရင်နှစ်ကထက် ပိုများပါတယ်” လို့ တောင်ကြီးဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာတော့ မိန်းကလေးတွေအတွက် အဆင်ပြေပေမယ့် ယောက်ျားလေး အများစု ပါဝင်ရင် စစ်ဆေးမှု ပိုမိုတင်းကြပ်တယ်လို့ သိရပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာတော့ စစ်အုပ်စုတပ်သားတွေအပါအဝင် သူတို့ရဲ့ လက်အောက်ခံ ပြည်သူစစ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်က စစ်ဆေးလေ့ရှိပြီး မှတ်ပုံတင်၊ အမည် စတာတွေ တောင်းခံလေ့ရှိပါတယ်။
ဒါပေမယ့် ရှမ်းပြည်နယ်မှတ်ပုံတင် (၁၃/)၊ ရခိုင်ပြည်နယ်မှတ်ပုံတင် (၁၁/) နဲ့ စစ်ကိုင်းတိုင်းမှတ်ပုံတင် (၅/) ကိုင်ဆောင်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိပြီး အများစုကိုတော့ ပေးမလွှတ်ဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။

“လမ်းမှာစစ်တာပေါ့။ ၁၁ တို့ ၅ တို့ ပါမယ်ဆိုရင် ပေးမသွားတာတွေရှိတယ်။ ကျွန်တော်ကတော့ အဲဒါမျိုးဆို ရှောင်တယ်။ လက်မခံဘူး။ တချို့တော့ သွားကြပါတယ်။ ရှောင်သွားကြတာပေါ့။ ခရီးစဉ်တွေကတော့ မနှစ်ကထက်စာရင် ဒီနှစ် ပိုတိုးလာပါတယ်” လို့ ခရီးသွားဝန်ဆောင်မှု အေဂျင်စီက ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းခရီးသွားသူတွေ နည်းပါးသွားပြီး ၂၀၂၄ နောက်ပိုင်းမှာတော့ တစ်စတစ်စ ပြန်လည်မြင့်တက်လာခဲ့သလို ယခုနှစ်အတွင်းမှာတော့ မနှစ်ကထက် လူငယ်ပိုများတယ်လို့ အင်းလေးဒေသခံတစ်ဦးကလည်း ဆိုပါတယ်။
လက်ရှိမှာ ကချင်၊ စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်ဒေသတွေမှာ တိုက်ပွဲများ ရှိနေတာကြောင့် ခရီးသွားတွေ သွားလာခြင်း မရှိပေမယ့် အင်းလေး၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင် စတဲ့ နေရာမျိုးတွေမှာ ပြည်တွင်းခရီးသွားတွေက စစ်အာဏာမသိမ်းခင်ကလောက် မများပေမယ့် အာဏာမသိမ်းခင် နီးပါးလောက် ရှိလာပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – Ko Ye Kyaw Facebook
