ဘန်ကောက်မှာ ကရိန်းလက်တံပြုတ်ကျလို့ မြန်မာ ၂ ဦး ပြင်းထန်ဒဏ်ရာရ

Author CJ Platform
Categories
Published on Feb 07, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လူစည်ကားရာ အဆောက် (Asok) ဈေးဝယ်စင်တာအနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒီကနေ့ ဖေဖေါ်ဝါရီ ၇ရက် မနက် ၁၀နာရီခွဲဝန်းကျင်မှာ ကရိန်းလက်တံပြုတ်ကျလို့ မြန်မာအလုပ်သမား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။

Terminal 21 ဈေးဝယ်စင်တာအနီးမှာ ရှိတဲ့ ကရိန်းလက်တံပြုတ်ကျခဲ့တာဖြစ်ပြီး ကရိန်းစင်အောက်မှာရှိနေတဲ့ မြန်မာအလုပ်သမား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပေါ်ကို လက်တံ ပြုတ်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကရိန်းလက်တံပြုတ်ကျမှုအတွင်း ထိခိုက်ခဲ့တဲ့ မြန်မာလုပ်သား ၂ဦးအနက် တစ်ဦးဟာ ဒဏ်ရာပြင်းထန်ခဲ့တာကြောင့်ကယ်ဆယ်ရေးအဖွဲ့က အရေးပေါ် အသက်ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြင်းထန်ဒဏ်ရာတွေကြောင့် သတိလစ်မေ့မျောခဲ့တဲ့ မြန်မာအမျိုးသမီးကို ရဲတပ်ဖွဲ့ အထွေထွေဆေးရုံ (Police General Hospital) ကို ပို့ဆောင်ခဲ့ပြီး ခြေထောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအမျိုးသားကိုတော့ ဝိမွတ်-သက်ထရင် (Vimut-Theptharin) ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာကို လုမ္ပနီ (Lumpini) ရဲစခန်းက တာဝန်ရှိသူတွေနဲ့ ဒေသအာဏာပိုင်တွေ ရောက်ရှိလာပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်ဆိုင်းထားခိုင်းခဲ့သလို ကရိန်းလက်တံ ပြုတ်ကျရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

 

ဓာတ်ပုံ –  สรยุทธ สุทัศนะจินดา กรรมกรข่าว ၊ อีจัน