မဲဆောက်နဲ့ ကန်ချနာဘူရီမှာ တစ်ပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ ကန်ချနာဘူရီမှာ အခု ဖေဖော်ဝါရီလ ပထမတစ်ပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) တို့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီ ၈ ရက်မှာ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေချိန် နယ်စပ်လုံခြုံရေးနဲ့ ဒေသတွင်း စုံစမ်းစစ်ဆေးရှာဖွေမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာမှာ မြန်မာရွှေ့ပြောင်းနဲ့ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေ ဖမ်းဆီးခံနေရတာလည်း ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာအများစုရှိရာ မဲဆောက်မြို့နယ်ထဲက ရပ်ကွက်၊ ကျေးရွာတွေနဲ့ စားသောက်ဆိုင်၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံတွေကို ဝင်ရောက်စီးနင်းရှာဖွေမှုတွေ ရှိနေပြီး အခုလ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့ ၇ ရက်နေ့အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၁ ဦး ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားရှိသူတွေပါ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အချို့ဟာ အလုပ်လုပ်ကိုင်ခွင့် ဖော်ပြထားတဲ့ လုပ်ငန်းအမျိုးအစားနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်နေရာ မတူညီတာကြောင့် ဖမ်းဆီးခံရမှုတွေလည်း ရှိနေပါတယ်။

အခုတစ်ပတ်အတွင်း ဖမ်းဆီးခံရသူတွေထဲမှာ မဲဆောက်မြို့အတွင်းက မိုဟာဂျီရင်း (Mhuajirin) ဗလီကနေ ပစ္စည်းခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရသူ မြန်မာတစ်ဦးကို သက်သေခံပစ္စည်းတွေနဲ့ သိမ်းဆည်းရမိခဲ့တာကြောင့် ဥပဒေအရ အရေးယူသွားဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

မနေ့က ဖေဖော်ဝါရီ ၆ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနာဘူရီခရိုင်ထဲကို အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာ ၁၃ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ အမြန်လမ်းရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့ပါသေးတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာ ၁၃ ဦးထဲက မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်မယ့်သူတွေဟာ စီစဉ်ပေးတဲ့ပွဲစားတွေကို တစ်ဦးလျှင် ဘတ် ၄၀,၀၀၀ စီ (မြန်မာငွေကျပ် သိန်း ၅၀ နီးပါး) ပေးခဲ့ရတယ်လို့လည်း CIB ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – Tak Immigration
