ထိုင်းနိုင်ငံ၊ ဆီရာချာမြို့က ယာဉ်တိုက်မှုအတွင်း မြန်မာအလုပ်သမား ၁၈ ဦး ထိခိုက်ဒဏ်ရာရ

Author CJ Platform
Categories
Published on Feb 07, 2026

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဆီရာချာမြို့ (Si Racha) အဝေးပြေးလမ်းမပေါ်မှာ မြန်မာအလုပ်သမား ၁၈ ဦးကို တင်ဆောင်လာတဲ့ကားနဲ့ ကွန်တိန်နာယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန MGR Online က ဖော်ပြထားပါတယ်။

ယာဉ်တိုက်မှုဟာ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်၊ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ Isuzu ပစ်ကပ်ကားဟာ အဝေးပြေးလမ်းမပေါ်မှာ ရုတ်တရက် ယာဉ်ကြောပြောင်းမောင်းနှင်ခဲ့တာကြောင့် နောက်မှာပါလာတဲ့ ကွန်တိန်နာယာဉ်နဲ့ တိုက်မိမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ယာဉ်တိုက်မှုအတွင်း ပစ်ကပ်ကားပေါ်ပါလာတဲ့ မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး Pure Wyang Tai Sriracha လူမှုကူညီကယ်ဆယ်ရေးအသင်းက နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဝေးပြေးလမ်းမပေါ် ဆင့်ကဲယာဉ်တိုက်မှုအတွင်း ကွန်တိန်နာယာဉ် အရှေ့မျက်နှာစာ ထိခိုက်ပျက်စီးခဲ့သလို ပစ်ကပ်ကားကနေတဆင့် ရှေ့မှာရှိနေတဲ့ အနက်ရောင် Mazda ကားတစ်စီး၊ ငွေရောင်တိုယိုတာ ပစ်ကပ်ကားတစ်စီးတို့ကို ထပ်မံတိုက်မိခဲ့တာကြောင့် စုစုပေါင်း ကား ၄ စီး ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ပစ်ကပ်ကားမောင်းသူ အသက် ၃၁ နှစ်အရွယ် ထိုင်းနိုင်ငံသား မစ္စတာ ပွန်နာရောင် (Mr. Pornnarong Putthet) ကို နောင်ခမ်း (Nong Kham) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – MGR Online