ထိုင်းရွေးကောက်ပွဲ မဲဝယ်တဲ့ ဗီဒီယိုဖိုင်ထွက်လာပြီးနောက် ခွန်ကန်ရွေးကောက်ပွဲကော်မရှင် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်
ထိုင်းနိုင်ငံ၊ ခွန်ကန်ပြည်နယ်၊ ဖုန်မြို့နယ်က ဒေသခံပြည်သူတွေကို ငွေပေးပြီး မဲဆွယ်စည်းရုံးတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် ခွန်ကန်ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းသတင်းဌာန Thai Enquirer မှာ ဖော်ပြထားပါတယ်။
ခွန်ကန်ပြည်နယ်၊ ဖုန်မြို့နယ်ဟာ အမှတ် (၉) မဲဆန္ဒနယ်ထဲမှာ ပါဝင်နေတာဖြစ်ပြီး လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ မဲဆွယ်စည်းရုံးရေး ပါတီကိုယ်စားလှယ်တစ်ဦးက ဒေသခံတစ်ဦးစီကို ဘတ် ၁,၀၀၀ စီ ပေးနေတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကို လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ခွန်ကန်ပြည်နယ်မှာ ထိုင်းနိုင်ငံရေး အင်အားကြီးပါတီတွေအပါအဝင် ပါတီ ၉ ခုက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲပေးဖို့ ငွေပေးစည်းရုံးနေတဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ခွန်ကန်ရွေးကောက်ပွဲကော်မရှင်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ထားပြီး ကျူးလွန်သူကို အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ထိုင်းရွေးကောက်ပွဲဥပဒေအရ ပါတီကိုယ်စားပြု အမတ်လောင်းတွေကို မဲပေးဖို့ ငွေပေးစည်းရုံးတာ၊ လက်ဆောင်ပစ္စည်းပေး စည်းရုံးတာ၊ အခြားကမ်းလှမ်းမှုတစ်ခုခု လုပ်ဆောင်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ကျူးလွန်ရင် ပါတီအမတ်လောင်းကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သလို နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ကိုလည်း နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
မဲဆန္ဒရှင်တွေဆီကို ငွေပေးပြီး မဲဆွယ်စည်းရုံးတာကို ပါတီရဲ့ အမှုဆောင်အဖွဲ့ဝင်တွေ ပါဝင်နေရင် ပါတီဖျက်သိမ်းခံရနိုင်တဲ့အထိ အရေးယူခံရနိုင်သလို ငွေလက်ခံတဲ့ မဲဆန္ဒရှင်ကိုလည်း ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
