ထိုင်းနိုင်ငံ၊ ခေါင်ယိုင်အမျိုးသားဥယျာဉ်အတွင်း ဆင်တိုက်ခိုက်လို့ သေဆုံးသူ ၃ ဦးအထိ ရှိလာ
ထိုင်းနိုင်ငံရဲ့ တတိယအကြီးဆုံး ခေါင်ယိုင်အမျိုးသားဥယျာဉ် (Khao Yai National Park) မှာ တောဆင်ရိုင်းတစ်ကောင် ရန်ပြုတိုက်ခိုက်မှုကြောင့် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ခေါင်ယိုင်အမျိုးသား ဥယျာဉ်အတွင်း ထိုင်းနိုင်ငံသားတစ်ဦးနဲ့ ဇနီးဖြစ်သူဟာ အပန်းဖြေယာယီတဲထိုးကာ စခန်းချနေစဉ် မနေ့ ဖေဖော်ဝါရီ ၂ ရက်၊ မနက် ၅ နာရီခွဲဝန်းကျင်မှာ လမ်းလျှောက်ထွက်ရာမှ တောဆင်ရိုင်းတစ်ကောင်ရဲ့ တိုက်ခိုက်မှုခံခဲ့ရတာ ဖြစ်ပါတယ်။
ဆင်ရိုင်းတိုက်ခိုက်မှုအတွင်း ဇနီးဖြစ်သူဟာ လွတ်မြောက်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူကတော့ တိုက်ခိုက်ခံရတဲ့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ အနီးဝန်းကျင်မှာရှိတဲ့ မျက်မြင်သက်သေတွေကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေကို ပြောပါတယ်။
အမျိုးသားဥယျာဉ်ထဲ လာရောက်လည်ပတ်သူတွေကို တိုက်ခိုက်ခဲ့တဲ့ တောဆင်ရိုင်းဟာ ပလိုင်အွိုင်ဝမ် (Plai Oi Wan) လို့ အမည်ရပြီး သူ့ရဲ့ ရန်ပြုတိုက်ခိုက်မှုကြောင့် အမျိုးသားဥယျာဉ်အတွင်း လာရောက်လည်ပတ်သူ ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။
လူသေဆုံးတဲ့အထိ ရန်ပြုတိုက်ခိုက်ခဲ့တဲ့ တောဆင်ရိုင်းကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ သူ့ရဲ့အပြုအမူကို ပြန်လည်ပြုပြင်ဖို့အတွက် အမျိုးသားဥယျာဉ် တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် အတ်ထာပွန် (Atthapol Charoenchansa) ကလည်း ခေါင်ယိုင်အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေကို အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
ခေါင်ယိုင်အမျိုးသားဥယျာဉ်ဟာ စတုရန်းကီလိုမီတာ ၂,၀၀၀ ကျယ်ဝန်းပြီး ထိုင်းနိုင်ငံရဲ့ တတိယအကြီးဆုံး အမျိုးသားဥယျာဉ်တစ်ခုဖြစ်သလို နိုင်ငံရဲ့အလယ်ပိုင်း ပတ်ချောင် (Pak Chong) ခရိုင်အနီးမှာ ရှိနေတာကြောင့် နှစ်စဉ်လာရောက်လည်ပတ်သူ အများအပြား ရှိနေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – ThaiPBSWorld
