မြဝတီမြို့နယ်အတွင်း စစ်ရေးတင်းမာနေချိန် နယ်စပ်လုံခြုံရေးအတွက် ထိုင်းတာဝန်ရှိသူတွေဆွေးနွေး
ကရင်ပြည် မြဝတီမြို့နယ်အတွင်း စစ်အုပ်စုနဲ့ နယ်ခြားစောင့်တပ် BGF ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် (KNA) အကြား တင်းမာမှုတွေ ရှိနေသလို စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လုံခြုံရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထိုင်းတာဝန်ရှိသူတွေက နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအမှတ်(၂)မှာ အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်လာပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်၊ မနက် ၉ နာရီက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို ထိုင်း ပြည်ထဲရေး အမြဲတမ်းအတွင်းဝန် Mr. Phasakorn Boonyalak နဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို ထိန်းချုပ်စောင့်ကြည့်ရေးနဲ့ မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လုံခြုံရေးတင်းကြပ်ဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် Mr. Mongkol Visitstump နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့မှုအပြီး တစ်ပတ်အကြာ ထိုင်းပြည်ထဲရေးအမြဲတမ်းအတွင်းဝန်က အမှတ် (၂) ချစ်ကြည်ရေးတံတားကို လာရောက်ပြီး နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်မှုရှိရေးကိစ္စတွေကို တာ့ခ်ခရိုင် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းသံအမတ်တို့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိနေတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်အုပ်စုကြား တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ မြဝတီမြို့တောင်ဘက်က ဖလူးရွာနဲ့ မင်းလက်ပံရွာတွေကို စစ်အုပ်စုက ဇန်နဝါရီ ၂၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်လာတာကြောင့် ထိုင်းဘက်က နယ်စပ်လုံခြုံရေးကိစ္စရပ်တွေကို အလေးထားဆွေးနွေးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Tak Immigation
