ထိုင်းနိုင်ငံ လမ်းပန်းမြို့က မြန်မာ့အနုပညာလက်ရာ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီး
ထိုင်းနိုင်ငံမြောက်ပိုင်း၊ လမ်းပန်းမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂ရက် မနက် ၅နာရီခန့်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း နှစ်ပေါင်း ၁၄၀ ကျော် သက်တမ်းရှိ မြန်မာ့အနုပညာလက်ရာ ရှေးဟောင်းဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

၂နာရီကျော် ကြာမြင့်ခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်အတွင်း ကျွန်းသစ်တွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းသမိုင်းဝင် ဝပ်မွန်ပုယတ် (Wat Mon Pu Yak) ဘုန်းကြီးကျောင်းတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဘုန်းကြီးကျောင်း မီးလောင်ခဲ့မှုဟာ အဆောက်အအုံ ပျက်စီးဆုံးရှုံးရုံတင်မကဘဲ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်ကိုပါ ဆုံးရှုံးရတာ ဖြစ်တာကြောင့် လမ်းပန်းဒေသခံတွေအနေနဲ့ စိတ်ထိခိုက်ခဲ့ရတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဒေသအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာ နေရာမှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့မှုလည်း ရှိခဲ့တယ်လို့ လမ်းပန်းဒေသခံတွေက ပြောပါတယ်။

လမ်းပန်းမြို့ ခရီးသွားလာရေး သတင်းအချက်အလက်စင်တာရဲ့ ဖော်ပြချက်အရ ဝပ်မွန်ပုယတ်ဘုန်းကြီးကျောင်းဟာ ခရစ်သက္ကရာဇ် ၁၇၉၂-၁၇၉၅ ခုနှစ်မှာ ဗုဒ္ဓဘာသာ မြန်မာသစ်ကုန်သည်ညီအစ်ကို ၄ ဦးက မြန်မာ့ဗိသုကာပညာရှင်တွေနဲ့ စတင်တည်ဆောက်ခဲ့တာလို့ ဖော်ပြထားပြီး ကျောင်းအတွင်း ကမ္ပည်းစာတိုင်တွေမှာ တိုင်ယိုင် (ရှမ်း) ဘာသာစကားတွေ ရေးထိုးထားသလို ရှေးဟောင်းပန်းချီကား ၉ ကားထဲက ၂ ကားသာ ဘုန်းကြီးကျောင်းမှာ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – 77kaoded၊ FM91BKK၊ วิทยุจราจร จราจรเพื่อชุมชนเชียงใหม่
